အမှိုက်

အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီရဲ့ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ “အမှိုက်ကောက်ကြဖို့” ညွှန်ကြားလိုက်တာဟာ မကြုံစဘူး ထူးခြားလှပါတယ်။ မြို့တော်ရန်ကုန် အပါအ၀င် နိုင်ငံတ၀န်း ခရီးထွက်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ အမှိုက်ပြဿနာဟာ ကြီးကြီးမားမား ဖြေရှင်းရမယ့်ကိစ္စတခု၊ အများပြည်သူ အသိပညာပေးရမယ့်ကိစ္စလို့ မှတ်ယူပုံရပါတယ်။ အမှိုက်ဆိုတာ အသုံးမ၀င်တဲ့ပစ္စည်းပဲဖြစ်ဖြစ်၊ အသုံးမလိုတဲ့ပစ္စည်းပဲဖြစ်ဖြစ် စွန့်ပစ်တဲ့ပစ္စည်းလို့ ခေါ်ဝေါ်သတ်မှတ်ရမှာပါ။ အဲဒီ စွန့်ပစ်ခံပစ္စည်းဟာ အမှိုက်ပစ်တဲ့နေရာမှာ နေရာတကျမရှိဘဲ ပြန့်ကျဲပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးတဲ့အခါ ဒါကို စနစ်ကျနအောင် လူသားတွေကပဲ ငွေအား၊ လူအား စိုက်ထုတ်ပြီး အချိန်ကုန်ခံပြီး ရှင်းလင်းရဖို့ ဖြစ်လာတာပါ။ လူမှုပတ်ဝန်းကျင်မှာ အမှိုက်ဟာ ပြဿနာပေါင်းများစွာကို ဖြစ်ပွားစေပါတယ်။ မြို့တွေမှာ အမှိုက်ပုံတွေက အနံ့အသက်တွေကြောင့် ကျန်းမာရေးထိခိုက်ရ၊ အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေကြောင့် သောက်ရေသုံးရေ အရည်အသွေးကျဆင်းမှု၊  ရေပေးဝေတဲ့ စနစ်တွေကို ထိပါးစေပြီး အမှိုက်တွေက မှိုတွေကြောင့် မြေသားပွစေပြီး ကမ်းပါးပြိုတာ၊ ရေကြီးမှုတွေပါ ဖြစ်ထွန်းသက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ အမှိုက်ပုံတွေမှာ ကြွက်တွေ၊ ခွေးတွေ၊ ငှက် စသဖြင့် ကျင်လည်ကျက်စားလေ့ ရှိတာကြောင့် ဒီတိရစ္ဆာန်တွေကနေ ပလိပ်ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်နဲ့ Toxoplasma gondii လို့ခေါ်တဲ့ ကပ်ပါးကောင်ကတဆင့် ကူးစက်တဲ့ရောဂါ စတာတွေ ကူးစက်ဖြစ်ပွားနိုင်ပါတယ်။ အမှိုက်တွေ၊ ရေဆိုးတွေကြောင့် ခြင်ပေါက်ဖွားမှုနှုန်းကိုလည်း မြင့်မားစေပြီး မြန်မာပြည်မှာ ခြင်ကနေတဆင့်ဖြစ်ပွားတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ တနှစ်ပတ်လုံး ဖြစ်ပွားနေသလို မိုးရာသီကာလဆို ပိုမိုဆိုးဝါးနေပါတယ်။ တခြားပြဿနာတခုကတော့ အဆိပ်အတောက်ပါတဲ့၊ ကူးစက်နိုင်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပစ္စည်းမျိုးတွေကို စွန့်ပစ်ခြင်းဖြစ်ပါတယ်။ အချုပ်အားဖြင့် စည်းကမ်းနည်းပါးပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ အမှိုက်သရိုက် လေထုညစ်ညမ်းမှု ပြဿနာတွေ ဖြစ်ပွားမှုနှုန်း မြင့်တက်လေ့ရှိပါတယ်။ ရေနဲ့လေ ညစ်ညမ်းမှု၊ ကြွက်လို မလိုလားအပ်တဲ့ တိရစ္ဆာန်တွေ ပေါက်ပွားမှု၊ ကူးစက်ရောဂါအန္တရာယ်တွေ ပါဝင်နေတာကြောင့် အမှိုက်ပြဿနာကို ဖြေရှင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ကမ္ဘာတလွှား မြို့ပြတွေမှာ အမှိုက်သရိုက်တွေ စုပုံနေတဲ့ အလေ့အထဟာ ရာစုနှစ်ပေါင်းများစွာကတည်းက ဖြစ်တဲ့ပြဿနာဖြစ်ပါတယ်။ အမှိုက်သရိုက်တွေကို အစိုးရအဆင့်မှာရော အိမ်ထောင်စုတခုချင်းအလိုက် အဆင့်မှာရော နည်းအမျိုးမျိုးနဲ့ စွန့်ပစ်နေကြပြီး စွန့်ပစ်ပုံနည်းလမ်းအမျိုးမျိုး ကွဲပြားခြားနားကြပါတယ်။ အမှိုက်ပစ်မှုဟာ ချွေတာခြင်းနဲ့ သန့်ရှင်းခြင်းတို့အကြားမှာ အမြဲလိုလို ချိန်ခွင်လျှာဖြစ်ခဲ့ပါတယ်။ မြို့ပြတွေမှာ ရင်ဆိုင်ကြရတဲ့ အဓိကအခက်အခဲတွေထဲက တခုက အမှိုက်သရိုက်တွေကို ဘယ်လိုစွန့်ပစ်မလဲဆိုတာပဲ ဖြစ်ကြောင်းနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ မြို့ရဲ့ အခြေခံအဆောက်အဦတွေကို စနစ်ကျကျ ခန့်ခွဲကိုင်တွယ်ဖို့ လိုတယ်လို့ လေ့လာသူတွေ အဆိုအရ သိပါတယ်။ ကမ္ဘာတလွှား မြို့ကြီးအများအပြားမှာ အမှိုက်သရိုက် စွန့်ပစ်မှုကို ထိန်းညှိဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြပါတယ်။ အမှိုက်သရိုက် လျော့ကျစေတဲ့ နည်းလမ်းတချို့ကတော့ ပစ္စည်းတွေကို ဟောင်းပေမယ့် ဆက်လက်သုံးစွဲခြင်းနဲ့ ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးချခြင်းတွေပဲ ဖြစ်ပါတယ်။ တခြားနည်းလမ်းကတော့ အမှိုက်သရိုက်တွေကို စနစ်တကျ ဖယ်ရှားရှင်းလင်းရေးပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်လို့ ကုန်ကျစရိတ်များရင်၊ စနစ်တကျ မရှင်းလင်းဖို့ ခက်ခဲရင် တချို့ဒေသတွေမှာ ကုန်ပစ္စည်းထုတ်လုပ်မှုကို တားမြစ်တဲ့ နည်းလမ်းကို သုံးစွဲပါတယ်၊ ဥပမာအားဖြင့် လူနေရပ်ကွက်တွင်းက လုပ်ငန်းတခုက ထွက်ရှိတဲ့အမှိုက် သို့မဟုတ် ရေဆိုးရေညစ်တွေဟာ အများသူငါကို ထိပါးရင် တားမြစ်ပိတ်ပင်ပစ်လိုက်တာမျိုးပါ။  အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ဟာ အမှိုက်သရိုက်စွန့်ပစ်မှုကို ထိန်းချုပ်ဖို့ ဥပဒေပြဋ္ဌာန်းမှုမှာ နမူနာမြို့လို့ အဆိုရှိပါတယ်။ အမှိုက်စွန့်ပစ်တာကို ထိန်းချုပ်ဖို့ အနုတ်လက္ခဏာဆောင်တဲ့ အရေးယူတဲ့ ဥပဒေပြဋ္ဌာန်းမှုအစား အပြုသဘော အဖြေတွေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြသူတွေလည်း အများအပြား ရှိနေတာပါပဲ။ နယူးယောက်ပြည်နယ်မှာ Cohen ဟာ မြင့်မားတဲ့ အပူချိန်အောက်မှာ အမှိုက်တွေကို မီးရှို့ဖျက်ဆီးတဲ့ စက်ရုံတွေတည်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့် စီမံကိန်းတခုကို အကောင်အထည် ဖော်နေပါတယ်။ ဒီနည်းလမ်းဟာ အမှိုက်သရိုက် စွန့်ပစ်တဲ့ ပြဿနာကို ချေဖျက်ပြီး အမှိုက်ကနေ အသုံးဝင်အောင် ကြိုးပမ်းမှုကောင်းတခုပဲ ဖြစ်ပါတယ်။ အမှိုက်နဲ့ပတ်သက်လို့ ရေးသားထားတဲ့ အွန်လိုင်းစာမျက်နှာတခုမှာ နိုင်ငံရပ်ခြားမှာ အမှိုက်စွန့်တဲ့ ကုမ္ပဏီတခုကို ဒေသခံတွေက သူတို့ရဲ့ကျန်းမာရေး ထိပါးတဲ့အတွက် တရားတဘောင်စွဲဆိုလို့ ဒေါ်လာသန်း ၃၀၀ ကျော် လျော်ပေးလိုက်ရတဲ့သတင်း ဖတ်ရဖူးပါတယ်။ ဒီအမှိုက်ပုံဝန်းကျင်မှာ နေထိုင်သူလူထုဟာ ပျို့အန်ပြီး မအီမသာဖြစ်ခြင်း၊ အဆက်မပြတ် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြမ်းတမ်းတဲ့ အဖုအပိန့်တွေ ထွက်ခြင်းနဲ့ လူသေဆုံးမှုတွေတောင် ဖြစ်တဲ့အတွက်ကြောင့်လို့ဆိုပြီး စွဲဆိုကြတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက အုပ်ချုပ်တဲ့ အစိုးရတွေအနေနဲ့လည်း လူထုကျန်းမာရေးအတွက် အာမခံချက်ရှိစေမယ့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကောင်းတရပ်ကို ချမှတ် အကောင်အထည် ဖော်သင့်ပါတယ်။ ဒါမှသာ အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာက စီးမျောဝင်ရောက်လာမယ့် စက်ရုံ၊ အလုပ်ရုံတွေက ထွက်ရှိလာမယ့် အမှိုက်တွေကို ဘယ်လိုကန့်သတ်စည်းမျဉ်းတွေနဲ့ အဆိပ်အတောက်မဖြစ်အောင် ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထ အမှိုက်ကောက်သူတွေကို တားမြစ်ထားတဲ့ ဥပဒေအရ ခွင့်ပြုချက်မရဘဲ အမှိုက်ကောက်ခွင့် မရှိစေရဆိုတဲ့ ဥပဒေတွေကိုလည်း ခေတ်နဲ့လျော်ညီအောင် ပြုပြင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ရှိကာလမှာ အမှိုက်တွေဟာ မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ်မှုမရှိဘဲ ပြန့်ကျဲနေတာ တွေ့မြင်နိုင်မှာပါ။ မြို့တော်ရန်ကုန်မှာရော နယ်မြို့တွေမှာပါ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဖော်ဆောင်ဖို့အတွက် အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်တွေက ဦးဆောင်ပြီး နိုင်ငံတ၀န်း အမှိုက်ကောက်တဲ့ ကမ်ပိန်းတခုကို လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီကမ်ပိန်းလှုပ်ရှားမှုမှာ စည်ပင်သာယာ အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ယန္တရားတွေ အသုံးပြုရမှာတွေလည်း ရှိပါတယ်။ အမှိုက်ကား၊ အမှိုက်ပုံးတွေ၊ အမှိုက်ကန်တွေ ဘယ်လိုရရှိအောင် စီမံကြမယ်ဆိုတာ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မြို့ပြတွေပေါ်မှာ အမှိုက်သိမ်းကားတွေ လှည့်ပတ်သိမ်းယူနေပြီး အမှိုက်ကို မီးရှို့ခြင်းကိုတော့ ပတ်ဝန်းကျင် လေထုညစ်ညမ်းတာကြောင့် ခွင့်ပြုတာ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာ အမှိုက်သရိုက်ရှင်းလင်းရေးသာ မကဘဲ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း ဖော်ဆောင်သင့်ပါတယ်။ ဥပမာအားဖြင့် ကွမ်းစားသူများက နေရာမရှောင် ထွေးထုတ်လိုက်တဲ့  ကွမ်းတံတွေးတွေဟာ လမ်းမတွေပေါ်မှာ၊ ခြံစည်းရိုးစပ်တွေမှာ၊ ရုံးတွေမှာပါမကျန် ညစ်ညူးစရာ တွေ့မြင်နေကြရတာကြောင့် အများသူငါအတွက် ရွံစရာဖြစ်ပြီး ဒီအပြုအမူကိုလည်း ပြင်ဆင်ရမယ် ထင်ပါတယ်။ ဒါ့အပြင် အများသူငါရှိနေတဲ့ စားသောက်ဆိုင်လိုနေရာမျိုးမှာ ဆေးလိပ်သောက်ခြင်းက အစပေါ့။ အင်စတီကျူးရှင်း အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဦးဆောင်မှု အရေးပါသလို တဦးချင်း စည်းကမ်းရှိမှုနဲ့ စတင်ကြဖို့ လိုပါတယ်။ ပွင့်လင်းလာတဲ့ မြန်မာပြည်ဟာ အရင်ကာလတုန်းက တနှစ်ကို တိုးရစ်စ် ၈ သိန်းလောက် ၀င်ရောက်ရာကနေ အခုအခါ ၅ သန်းအထိ ရောက်ရှိနိုင်ပြီ ဖြစ်ပါတယ်။ ဒီနှစ် တိုးရစ်စ်ဦးရေ သန်း ၃၀ ၀င်တဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာပြည်ဟာ လည်စရာ ပတ်စရာအားဖြင့် ဆွဲဆောင်မှုမှာ မတိမ်းမယိမ်းဖြစ်ပြီး ခရီးသွားလုပ်ငန်းမှာ မြန်မာက ထိုင်းကို စိန်ခေါ်လောက်နိုင်တဲ့ အလားအလာ တိုးမြင့်လာနေပါတယ်။ လည်ပတ်စရာ နေရာများတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေက ခင်မင်တတ်မှု၊ ဖော်ရွေမှု၊ စေတနာကောင်းမှုတွေ ရှိရုံတင်မကဘဲ မြန်မာပြည်မှာ မြို့တွေရဲ့ သန့်ရှင်းမှုမှာ ပါဝင်တဲ့ အမှိုက်ကင်းစင်မှု၊ ကွမ်းတံတွေးကင်းစင်မှုကလည်း လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်ရာမှာ အပြောင်းအလဲဖြစ်စေမှာ ဖြစ်ပါတယ်။ အမှိုက်ကောက်ခြင်း၊ သန့်ရှင်းအောင် ဆောင်ရွက်ခြင်းဟာ လူထုကျန်းမာရေးရှုထောင့်၊ အမြင်အားဖြင့် ကောင်းမှုအထွေထွေရှိသလို တဆက်တည်းမှာ အမှိုက်ပုံတွေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုသူတွေ အတွက်လည်း အလုပ်အကိုင် စီစဉ်ပေးဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ဆင်းရဲနေဆဲဖြစ်တဲ့အတွက် ကုန်ကျစရိတ် များပြားတဲ့ အမှိုက်သိမ်းစနစ်တွေနဲ့ ချက်ချင်းလက်ငင်း ငွေကုန်ကြေးကျ မခံနိုင်ပေမယ့်လည်း ကိုယ့်ပတ်ဝန်းကျင်လှပပြီး ရောဂါဘယ ကင်းစင်စေဖို့အတွက် လူတိုင်း ကိုယ်ထူကိုယ်ထ အမှိုက်ရှင်းခြင်းဖြင့် တပိုင်တနိုင် ပါဝင်နိုင်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up