လူသားအကျိုးပြု လမ်းလျှောက် လူတူစက်ရုပ် (ရုပ်သံ)

849
ဒါကတော့ လမ်းလျှောက်လူတူစက်ရုပ်ဖြစ်ပြီး လူသားအကျိုးပြုဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ ဒီစက်ရုပ်ဟာ လူသားတဦးလိုပဲ ပစ္စည်းကိရိယာတွေကို ကိုင်တွယ်အသုံးချနိုင်သလို ပတ်ဝန်းကျင်နဲ့ တုံ့ပြန် ဆက်သွယ်နိုင်ပါတယ်။
လူတူစက်ရုပ်ကို အီတလီနည်းပညာ တက္ကသိုလ်နဲ့ ပီဆာတက္ကသိုလ်တို့မှ စက်ရုပ်ပညာရှင်တွေက တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။
အန္တရာယ်ရှိနေရာတွေမှာ လူသားတွေ အစား ဘီးတပ် ဒါမှမဟုတ် ခြေလေးချောင်းပါ စက်ရုပ်တွေထက် လူပုံသဏ္ဌာန် ဒီဇိုင်းဆွဲထားတဲ့ စက်ရုပ်တွေကသာ ပိုပြီးသင့်တော်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ပညာရှင် Nikos Tsagarakis က "လူတိုင်းလက်ခံထားတဲ့ တချက်ရှိတယ်။ ကျနော်တို့ရဲ့ကမ္ဘာ ကျနော်တို့ရဲ့ပတ်ဝန်းကျင်က ကျနော်တို့ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တယ်လို့ပေါ့။ ဒါ့အပြင် လူ့လက်တွေနဲ့ဆုပ်ကိုင်ရအောင် ဒီဇိုင်းထုတ်ထားတဲ့ ကိရိယာတွေရှိတယ်။ လူသားပုံစံနဲ့သင့်တော်တဲ့ နယ်ပယ်တွေ၊ လမ်းကြောင်းတွေ ရှိတယ်။ ဒီတော့ လူပုံစံနဲ့ဆင်တူတဲ့ စက်ရုပ်တရုပ်ကိုသာ တည်ဆောက်မယ်ဆိုရင် ဒီလိုနေရာတွေမှာ လုပ်ငန်းဝင်လုပ်မယ့် စက်ရုပ်တွေအတွက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် အထူးတလည် သိပ်လုပ်ပေးဖို့မလိုတော့ဘူး" လို့ ပြောပါတယ်။
အရှည်ခြောက်ပေကျော်ရှိတဲ့ လူတူစက်ရုပ်ရဲ့ဦးခေါင်းမှာ အမြင်အာရုံစနစ်နဲ့ ပတ်ဝန်းကျင်ကို သရုပ်ခွဲနိုင်မယ့် သုံးဖက်မြင်လေဆာဆုံလည် scanner တခုတို့ကို တပ်ဆင်ထားမှာဖြစ်ပါတယ်။
စက်ရုပ်ရဲ့ကျွမ်းကျင်မှုနဲ့ စွမ်းရည်ဟာ သူ့ရဲ့လူလို လှုပ်ရှားပြီး အလုပ်တွေကို ဆောင်ရွက်နိုင်ခြင်းကို ဆိုလိုတာပါ။
မညီညာတဲ့မြေမျက်နှာပြင်ပေါ်မှာ စက်ရုပ် လမ်းလျှောက်နေစဉ်အတွင်း စက်ရုပ်ရဲ့ နားလည်မှုစွမ်းရည်အတွက် သူတို့အဖွဲ့က ပြဿနာ နာ ဖြေရှင်းစနစ်တခုကို စီမံထားကြတယ်လို့ Nikos Tsagarakis က ပြောပါတယ်။
"လူလိုလှုပ်ရှားမယ်ဆိုတော့ ခြေထောက်တွေချည်းနဲ့တင် မလုံလောက်ပါဘူး။ လက်တံတွေကိုလည်း သုံးရပါတယ်။ ဒါမှသာ ပတ်ဝန်းကျင်ကို အမိအရဖမ်းဆုပ်နိုင်မှာပါ။ ပတ်ဝန်းကျင်ရဲ့ ဟန်ချက်ညီမှုနဲ့ ထိတွေ့ချိတ်ဆက်ပြီး စက်ရုပ်ရဲ့ ရွေ့လျားနိုင်စွမ်းကို ထောက်ကူပေးနိုင်မှာပါ။ ဒါဟာ ကိုယ်ထည်အောက်ပိုင်းကိုပဲသုံးပြီး ဟန်ချက်ထိန်းနေရတဲ့ လက်ရှိလူသား တုပစက်ရုပ်တွေနဲ့ အကြီးအကျယ် ကွာခြားသွားတဲ့အချက်ပါပဲ။ ခန္ဓာကိုယ် အပေါ်ပိုင်းဟာလည်း အရေးပါပါတယ်။ အထူးသဖြင့် အတားအဆီးများတဲ့နေရာတွေ၊ ဖွဲ့စည်းတည်ဆောက်ပုံ အမျိုးမျိုးရှိတဲ့ မြေပြင်တွေကို ဖြတ်သန်းသွားချင်တဲ့ အခါမျိုးမှာပေါ့။"
လမ်းလျှောက်လူတူစက်ရုပ်ရဲ့ ပထမဆုံးပုံစံငယ်ကို DARPA Robotics Challenge finals ပွဲမှာ ဒီနှစ်အစောပိုင်းက ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်က စက်ရုပ်တွေဟာ သဘာဝနဲ့ လူ့ ပယောဂကြောင့် ဖြစ်ရတဲ့ ဘေးကပ်ဆိုးတွေမှာ လူသားတုံ့လှယ်ကူညီပေးနိုင်ကြောင်းကို ပြသနေပါတယ်။