Home
မေးမြန်းခန်း
နိုင်ငံရေးနဲ့စီးပွားရေးကြောင့် အမေရိကန်က ဆန်ရှင်ဆိုင်းငံ့တာဖြစ်ပါတယ် - ဦးရဲမင်းအောင်
အေးနိုင်
·
December 11, 2015
အမေရိကန်က မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှု (ဆန်ရှင်) ကို ခြောက်လ ယာယီဆိုင်းငံ့ခဲ့ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံရွေးကောက်ပွဲ အနိုင်ရပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေတို့နဲ့ သီးခြားစီတွေ့ဆုံအပြီး နိုင်ငံပြုပြင်ပြောင်းလဲမှုအတွက် အလားအလာကောင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဆန်ရှင်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ ဆန်ရှင်ဆိုင်းငံ့မှုကြောင့် မြန်မာ့ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေမှာ လက်ငင်းအကျိုးကျေးဇူး ခံစားရနိုင်တယ်လို့ တွက်ချက်မှုတွေရှိနေပြီး အမြဲတမ်းရုပ်သိမ်းရေးအတွက် ခေါင်းဆောင်တွေက ဆက်လက်ကြိုးပမ်းကြဖို့  စီးပွားရေးလုပ်ငန်းရှင်တွေက လိုလားကြပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အထွေထွေအတွင်းရေးမှူး၊ မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (MAPCO) အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှု (ဆန်ရှင်) ကို ခြောက်လ ယာယီရုပ်သိမ်းခဲ့တာက ဘာကြောင့်ရုပ်သိမ်းတာလို့ ယူဆပါသလဲ။ “ကျနော်မြင်တာကတော့ ၂ ပိုင်းရှိပါတယ်။ တခုကတော့ ကျနော်တို့က နိုင်ငံရေး အခြေအနေပေါ့နော်။ နိုင်ငံရေးအခြေအနေကတော့ ကျနော်တို့အားလုံး သိတဲ့အတိုင်းပဲ ရွေးကောက်ပွဲမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တနိုင်ငံလုံးမှာ တော်တော်များများ တောင်ပြိုကမ်းပြို နိုင်တယ်ပေါ့နော်။ အဲဒီနိုင်တဲ့ လုပ်ငန်းစဉ်တခုတည်းတင် မဟုတ်ပါဘူး။ ဒီထက်ပိုပြီးတော့ ထူးခြားတာက ပြည်တွင်းပြန်ပြီးတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကိစ္စနဲ့ စပ်လျဉ်းပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးရွှေမန်းနဲ့တွေ့တယ်၊ နောက်တခါ နိုင်ငံတော်သမ္မတနဲ့တွေ့တယ်။ နောက်တခါလွှတ်တော်ပိုင်းဆိုင်ရာကိစ္စရပ်တွေထက်ကို ပိုပြီးတော့ လုပ်နိုင်မယ့်၊ အစိုးရဖွဲ့နိုင်တဲ့အနေအထားထိလည်းရှိလာတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တယ်။ နောက်တခါ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွှဲပြောင်းပေးမယ် ဆိုတဲ့ဟာကိုလည်း အာမခံတယ်ဆိုတာ ဒါက ကျနော်တို့ တဖက်က ရွေးကောက်ပွဲကျင်းပတာထက်ကို ပိုပြီးတော့ သာလွန်တဲ့ နိုင်ငံရေးဆိုင်ရာ ဖြစ်ထွန်းမှုတွေ ဖြစ်လာတာကို တစိတ်တပိုင်းတွေ့ရတယ်ပေါ့နော်။ ဒီဖြစ်စဉ်ကတော့ ခုနပြောတဲ့ အာဏာလွှဲပြောင်းပေးတဲ့အချိန်အထိ၊ အစိုးရဖွဲ့တဲ့အချိန်ကျမှ ပြီးမှာပေါ့။ ဒါပေမယ့် အခု တ၀က်တပြက်မှာ တော်တော်ကိုကောင်းတဲ့ အနေအထားဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ ဒါကို ချက်ချင်း ကျနော်တို့ နိုင်ငံရေးဆိုင်ရာ အခြေအနေကို ချက်ချင်း အသိအမှတ်ပြုတယ်လို့ ကျနော်ယူဆတယ်။ နောက်တခုကတော့ စီးပွားရေးဆိုင်ရာပေါ့နော်။ စီးပွားရေးပိုင်းဆိုင်ရာမှာ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ တကယ်ကို အရေးပါတဲ့ ဈေးကွက်တခုဖြစ်လာတာပေါ့နော်။ ဒါက ရင်းနှီးမြှုပ်နှံသူ တော်တော်များများကလည်း မြန်မာနိုင်ငံကို မျက်စိကျတယ်။ တဖက်က နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေကြောင့် စီးပွားရေးမှာလည်း အများကြီးအခြေအနေ ကောင်းတွေရှိလာတယ်။ နောက်တခါ တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံချင်သူတွေလည်း များလာတယ်။ နောက်တခါ ပြည်တွင်းထုတ်လုပ်မှုတွေ ဘာတွေကလည်း တိုးလာနိုင်တဲ့ အနေအထားရှိတဲ့ အတွက်ကြောင့်မို့လို့ စီးပွားရေးအခြေအနေအခွင့်အလမ်းကလည်း ကောင်းလာတဲ့ သဘောထားရှိတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီနိုင်ငံရေး၊ စီးပွားရေးအခြေအနေ နှစ်ချက်ကို အဓိကစဉ်းစားပြီးတော့မှ စပ်ကူးမတ်ကူးအချိန်ကာလမှာတောင် ဒီခြောက်လလောက်ကို ခေတ္တ ဆိုင်းငံ့ပေးဖို့အတွက် သူတို့ဆုံးဖြတ်တယ်လို့ ကျနော်ယူဆပါတယ်။” ကုန်သွယ်ရေးတားမြစ်မှုတွေ ဆိုင်းငံ့တဲ့အနေအထားမှာ မြန်မာပြည်ရဲ့ ကုန်သွယ်ရေး၊ စီးပွားရေးကဏ္ဍတွေအပေါ် ဘယ်လိုရိုက်ခတ်နိုင်လဲ။ “အဓိက ကျနော်တို့ပြန်ကြည့်ရမှာကတော့ ဒီလုပ်ငန်းစဉ်ပေါ့နော် ဆန်ရှင်တွေကို ခြောက်လအချိန်ကာလ ခေတ္တဆိုင်းငံ့တယ်ဆိုတဲ့ အနေအထားက ဒါကြီးကို ကြီးမားစွာပြောင်းလဲမှု ဖြစ်လာနိုင်လောက်တဲ့ အနေအထားဆိုတာတော့ အကန့်အသတ်ပဲ ရှိနိုင်တယ်လို့ ကျနော်ယူဆတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီခြောက်လလောက်နဲ့တော့ ဘာမှ သိပ်အရမ်းသိသာထင်ရှားတဲ့ တိုးတက်မှုတော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒါ အစပေါ့နော်။ ဒီခြောက်လလောက်က ကျနော်ခုနပြောသလို ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုက တ၀က်တပြက် အခြေအနေ အနေအထားရှိတာပေါ့နော်။ တဖက်ကလည်း အစိုးရဖွဲ့ဖို့တို့၊ ဘာတို့ ကျန်နေသေးတဲ့ အတွက်ကြောင့်မို့လို့ တဖက်ကလည်း တ၀က်တပြက်အနေအထားပေါ်မှာ ကြည့်ပြီးတော့ ခြောက်လဆိုတဲ့ အချိန်ကာလကို သတ်မှတ်တယ်လို့ ကျနော်ယူဆတယ်ပေါ့နော်။ တဖက်ကလည်း ကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းနဲ့ ကျနော်တို့ တိုင်းပြည်မှာ အစိုးရရော၊ တပ်မတော်ရော၊ ပြည်သူရော၊ နောက်တခါ တိုင်းရင်းသား ညီအကိုမောင်နှမတွေရော လေးဦးလေးဖလှယ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ဒီ အစိုးရဖွဲ့နိုင်မယ်၊ ငြိမ်းချမ်းရေးလည်း တည်ဆောက်နိုင်မယ်၊ ဖြစ်ပေါ်လာမယ့် အစိုးရသစ်ကိုလည်းပဲ အာဏာလွှဲပေးနိုင်မယ်ဆိုတဲ့ကိစ္စတွေ ဖြစ်ပြီဆိုရင်တော့ ကျနော်တို့ ဒီဆန်ရှင်ကိစ္စတွေက ဒီထက်ပိုပြီးတော့ အချိန်ကာလ အကန့်အသတ်မရှိ ဆန်ရှင်တွေလည်း လုံးဝပြုတ်သွားပြီးတော့ ကျနော်တို့ ပိုပြီးတော့ လုပ်နိုင်မယ်ဆိုတဲ့ အနေအထားအတွက်ကို အခုက ဒါ တံခါးဖွင့်လိုက်တဲ့သဘောလို့ပဲ ကျနော်ယူဆပါတယ်။ ကျနော်တို့အနေနဲ့ နောက်ပိုင်းကို အများကြီး ဆက်လုပ်ဖို့ ရှိသေးတယ်ဆိုတာကို ကျနော်တို့ သတိချပ်ရမှာပါခင်ဗျ။” ဒဏ်ခတ်ပိတ်ဆို့ခံထားရတော့ ကျနော်တို့ဆီကလုပ်ငန်းရှင်တွေက စင်ကာပူလို၊ တရုတ်လို နေရာမျိုးတွေကနေ ကြားခံဆောင်ရွက်ကြရတယ်။ လတ်တလောယာယီရုပ်သိမ်းလိုက်တော့ အဲဒီလုပ်ငန်းစဉ်တွေ ဘလ်လိုမျိုးကျုံ့သွားစေမလဲ။ “အမှန်တကယ်ကတော့ ၂၀၁၀-၁၁ ပေါ့နော် သမ္မတကြီး ဦးသိန်းစိန်တက်လာတဲ့အချိန်မှာ တော်တော်များများ ဆန်ရှင်တွေဘာတွေ လျော့နည်းပြီးတော့ လုပ်ရကိုင်ရတာ တော်တော်ကြီးတော့ အဆင်ပြေတဲ့အနေအထားရှိလာတယ်ပေါ့နော်။ ဒါပေမယ့် တဖက်ကတော့ အမေရိကန်နိုင်ငံရဲ့ ဆန်ရှင်တချို့က ကျန်နေသေးတဲ့အတွက်ကြောင့်မို့လို့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်တဲ့အခါမှာ ကျနော်တို့က သူများနိုင်ငံတွေမှာ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် ဆုံးဖြတ်ချက်တခုကို ချမယ်၊ investment decision တခုကိုလုပ်မယ်ဆိုရင် ၂ လ ၃ လ လောက်နဲ့ ပြီးပေမယ့် ကျနော်တို့ တိုင်းပြည်မှာ investment decision ကို နိုင်ငံခြားကုမ္ပဏီတခုက ချဖို့အတွက်က ကျနော်တို့ နှစ်နဲ့ချီပြီးတောင်ကြာတဲ့ အနေအထားကို ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဆန်ရှင်တွေရဲ့ကိစ္စတွေကို စဉ်းစားနေရတယ်၊ နောက် နိုင်ငံတကာမှာ ကျနော်တို့က ဘယ်လိုပဲ ငွေကြေးတွေက အဆင်ပြေတယ်ဆိုပေမယ့်လည်း နိုင်ငံတကာမှာ ကျနော်တို့ ဒီကနေ့အထိ အမေရိကန်ဒေါ်လာကို ပစ်ပယ်လို့မရသေးတဲ့အတွက် အမေရိကန်ဒေါ်လာနဲ့ အကူးအပြောင်းတွေ လုပ်ရတယ်၊ ငွေပေးငွေယူတွေလုပ်ရတဲ့ လုပ်ငန်းတွေ မှန်သမျှ ကျနော်တို့က ဒီဆန်ရှင်ကို ပြန်ပြန်ပြီး ကြည့်နေရတာဟာ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးကြိုးချည်သလိုဖြစ်တာပေါ့နော်။ အဲဒီတော့ ဒါက ကျနော်တို့တင်မဟုတ်ဘူး၊ နိုင်ငံခြားကလာတဲ့ ရင်းနှီးမြှုပ်နှံသူတွေအကုန်လုံး ဒီအတိုင်းဖြစ်တော့ အကုန်လုံးက၊ နောက်ဆုံး ကျနော်တို့က ဆန်ရှင်ကိုရုပ်ဖို့ဆိုတာထက် နိုင်ငံခြားကနေ မြန်မာနိုင်ငံမှာ လာရင်းနှီးမြှုပ်နှံသူတွေက ပိုပြီးတော့ မျှော်လင့်တယ်ဗျ။ ပိုပြီးတော့ မျှော်လင့်တဲ့အတွက်ကြောင့် သူတို့အတွက်လည်း ဒါ  အများကြီးအကျိုးရှိတယ်၊ သူတို့အတွက်လည်း အထောက်အပံ့ဖြစ်မယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့  ဒီဆန်ရှင်တွေဟာ အကုန်လုံး လွတ်သွားမယ်ဆိုရင်တော့ ကျနော်တို့တိုင်းပြည်အတွက် အကောင်းဆုံးအခြေအနေဖြစ်သွားမယ်။ ကျနော်တို့ တိုင်းရင်းသားလုပ်ငန်းရှင်တွေတင်မဟုတ်ပါဘူး၊ ကျနော်တို့တိုင်းပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားသားလုပ်ငန်းရှင်တွေပေါ့နော် အဲဒီသူတွေပါ အဆင်ပြေသွားမယ်။ နောက်တခါ ကျနော်တို့က ကမ္ဘာပေါ်မှာ ကျန်တဲ့နိုင်ငံတွေနဲ့ ရင်ဘောင်တန်းပြီးတော့ မျက်နှာမငယ်ဘဲနဲ့ပေါ့နော်၊ မျက်နှာမငယ်ဘဲနဲ့ ရင်ဘောင်တန်းပြီးတော့ လယ်ဗယ်တူ ဆွေးနွေးနိုင်မယ်။ ဆန်ရှင်ကြောင့် ကျနော်တို့ မျက်နှာငယ်စရာမရှိတော့ဘဲနဲ့ တန်းတူရည်တူ ဆက်ဆံဆောင်ရွက်နိုင်မယ့်အနေအထားတွေ ပိုပြီးတော့ ရှိလာမယ်ပေါ့နော်။ ဒါက ၂၀၁၀ -  ၁၁ လောက်ကတည်းကတော့ ကျနော်တို့အတွက် အထိုက်အလျောက်တော့ ဒီလိုအနေအထားရှိခဲ့ပေမယ့် အကုန်လုံး တင်းပြည့်ကျပ်ပြည့် လွတ်သွားတာ မဟုတ်သေးတဲ့အတွက် ဒီအချိန်မှာတော့ ကျနော်တို့ ၂၀၁၅ - ၁၆ နိုင်ငံရေး အပြောင်းအလဲမှာတော့ ဆန်ရှင်တွေ အကုန်လုံးကို လုံးဝမရှိမယ့် အနေအထားကို ကျနော်တို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေရော၊ မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားကုမ္ပဏီတွေရောက မျှော်လင့်ပါတယ်ခင်ဗျ။” အခုအချိန်က ခရီးသွားရာသီဖြစ်သလို နိုင်ငံရေးရာသီဥတုကလည်း ကောင်းမွန်တယ်လို့ရှုမြင်ရေးသားနေကြချိန်မှာ ခရီးသွားလုပ်ငန်းတွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေနဲ့ပတ်သက်လို့ ဒီခြောက်လအတွင်း ဘာတွေဖြစ်နိုင်မလဲ။ “ခရီးသွားတွေကတော့ ကျနော်သိသလောက်ကတော့ ဒီရက်ပိုင်းမှာ တော်တော်ကိုတိုးတက်လာတဲ့အနေအထားတွေ့ပါတယ်။ ခါတိုင်းနှစ်တွေထက် များတယ်ဆိုတာလည်း ကြားသိရတယ်ပေါ့။ နောက်တခုက တဖက်ကလည်းပဲ ခရီးသွားလုပ်ငန်းက ကျနော်တို့တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တဲ့ industry ကိုး၊ ကျန်တဲ့ industry က လုပ်ငန်းတခု အောင်မြင်ဖို့က တနှစ်၊ နှစ်နှစ် စောင့်ရတယ်။ ခရီးသွားလုပ်ငန်းဆိုတာ ချက်ချင်းကို တိုးတက်နိုင်တဲ့ industry ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းကတော့ ကျနော်တို့ ဂရုစိုက်ပြီးတော့ ဆောင်ရွက်ရမှာပေါ့။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဘာပဲပြောပြော အခြေခံလိုအပ်ချက်တွေပေါ့နော်၊ အထူးသဖြင့် ဒီခရီးသွားလုပ်ငန်းတွေကို ဆွဲဆောင်တဲ့အခြေခံလိုအပ်ချက်တွေကို အစိုးရသစ်အနေနဲ့ရော ဖြည့်ဆည်းဖို့လိုတာပေါ့နော်။ ဒီခြောက်လအတွင်းမှာလည်း ကျနော်ထင်ပါတယ် တော်တော်များများ ခရီးသွားအစီအစဉ်တွေ၊ package တွေ ဆွဲနေတာဖြစ်တဲ့အတွက် ဒီ ၄ -၅-၆ လ အတွင်းမှာလည်း ခရီးသွားလာမှု အနေအထားအရတော့ ကျနော်ထင်တယ်။ အများကြီး ဖွံ့ဖြိုးတိုးတက်လာဦးမယ်။ နောက် ဘဏ်လုပ်ငန်းကလည်း ဘာပဲပြောပြော ပြီးခဲ့တဲ့ နှစ်လည်လောက်မှာ လိုင်စင်ပေးခဲ့တဲ့ နိုင်ငံခြားဘဏ် ၉ ဘဏ်ပေါ့နော်။ နိုင်ငံခြားဘဏ် ၉ ဘဏ်နဲ့ စပြီးတော့ လုပ်ငန်းကိုဆောင်ရွက်ဖို့အတွက် အဆင်သင့်ဖြစ်လာပြီ။ ပိုပြီးတော့လည်း လိုင်စင်ရပြီးတဲ့အချိန်မှာရုံးတွေဖွင့်တယ်။ ရုံးတွေဖွင့်ပြီးတဲ့နောက်ပိုင်းမှာ သူတို့ ၀န်ထမ်းတွေခန့်တယ်၊ သင်တန်းတွေပေးတယ်။ အဲဒီတော့ အခုချိန်မှာ တကယ်ဝန်ဆောင်မှုပေးနိုင်တဲ့အခြေအနေဖြစ်လာပြီဖြစ်တဲ့အတွက် ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားနဲ့ပြည်တွင်းနဲ့ ဖက်စပ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ ဒီဘဏ်တွေကို စပြီးတော့ အသုံးပြုလို့ရလာပြီ။ တဖြည်းဖြည်းနဲ့ ကျနော်တို့က မြန်မာနိုင်ငံသားကုမ္ပဏီတွေကိုသာ အသုံးပြုလို့ရနိုင်တဲ့ အနေအထားဖြစ်လာမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် banking လည်း ကျနော်တို့ ဘာပဲပြောပြော အထိုက်အလျောက်ဖွံ့ဖြိုးလာပြီဆိုတဲ့အနေအထားဖြစ်ပါတယ်ခင်ဗျ။” ဆိုင်းငံ့မှုကြောင့် ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်ငန်းတွေ အဆင်ပြေလာပြီး ရန်ကုန်ဆိပ်ကမ်းနဲ့ အမေရိကန်ပြည်ထောင်စုဆိပ်ကမ်းတွေနဲ့ ကူးလူးဆက်ဆံမှု ပိတ်ထားရာက ခုအခါ တိုက်ရိုက်ကူးလူးဖို့ ပြန်ပွင့်လာတယ်ပေါ့နော်။ ဒီတော့ ဘာတွေဖြစ်နိုင်လဲခင်ဗျ။ “အဓိကကတော့ ဆိပ်ကမ်းတွေပွင့်သွားတာ ပိုကောင်းပါတယ်။ အဓိကတော့ ကုန်တင်ကုန်ချက ခုန ကျနော်တို့ပြောတဲ့ သင်္ဘောမှတ်တမ်းတို့၊ ဘီအယ်လ်တို့ပေါ့နော် သင်္ဘောပေါ်ကုန်တင်တဲ့ လက်မှတ်တို့ဘာတို့နဲ့ပတ်သက်ရင် တချို့နေရာတွေမှာ ဆန်ရှင်ကြောင့် ငွေပေးချေတဲ့ကိတ်စတွေမှာ သွားပြီးတော့ အနှောင့်အယှက်ဖြစ်တာတို့၊ ကြန့်ကြာတာတို့၊ လုံးဝလုပ်မရတာတို့ ဒါတွေဖြစ်တော့ များသောအားဖြင့် ကျနော်တို့တိုင်းပြည်က ၀ယ်လို့ရပေမယ့် ကျနော်တို့တိုင်းပြည်က မ၀ယ်ဘဲနဲ့ တခြားတိုင်းပြည်မှာ ရိုးရှင်းတဲ့ နိုင်ငံတွေကို ၀ယ်သွားတဲ့ကိစ္စတွေရှိတော့ ကျနော်တို့ ဈေးကွက်တွေ ပျောက်တာပေါ့၊ အဲဒီတော့ ဘာပဲပြောပြော ဒီဟာတွေလုပ်နိုင်ပြီဆိုရင် ကျနော်တို့က နိုင်ငံခြားကိုတင်ပို့တာပဲဖြစ်ဖြစ်၊ နိုင်ငံခြားကနေ ပြည်တွင်းကို သွင်းတာပဲဖြစ်ဖြစ် ကိုယ်က တိုက်ရိုက် supplier တွေ customer တွေနဲ့ အလုပ်လုပ်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့် ကြားခံအဆင့်တွေ၊ နောက်တခါ ခုနပြောတဲ့ အကန့်အသတ်တွေ၊ အတားအဆီးတွေမရှိတဲ့အတွက် ပိုပြီးတော့ ကျနော်တို့ နိုင်ငံခြားက တင်သွင်းတယ်ဆိုရင်လည်း ပြည်သူတွေကို ဈေးသက်သက်သာသာနဲ့ ဖြန့်ဖြူးနိုင်မယ်။ နိုင်ငံခြားကိုတင်ပို့တယ်ဆိုရင်လည်း ၀င်ငွေပိုရမယ်ပေါ့နော်။ ဒီလိုအကျိုးကျေးဇူးကတော့ လက်ငင်းခံစားရမှာပေါ့။” အမေရိကန်ရဲ့ ဆန်ရှင်ယာယီရုပ်သိမ်းချိန်ဟာ မြန်မာပြည်မှာ ပထမဆုံး ရန်ကုန်စတော့ရှယ်ယာဈေးကွက်စတင်ဖွင့်လှစ်ချိန်နဲ့ တိုက်ဆိုင်နေတယ်။ မရည်ရွယ်ဘဲ သာမန်တိုက်ဆိုင်မှုလား၊ တွက်ချက်မှုတွေ ရှိနိုင်လား။ အမေရိကန်ကုမ္ပဏီတွေ ပါဝင်ပတ်သက်နိုင်လား။ “လောလောဆယ်တော့ ရန်ကုန်စတော့အိတ်ချိန်းကတော့ ပြည်တွင်းကုမ္ပဏီတွေပဲ ဖြစ်တဲ့အတွက် ကျနော်မြင်တာကတော့ တိုက်ဆိုင်မှုပဲလို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်စတော့အိတ်ချိန်းကလည်း ဒီအချိန်မှာ ဖွင့်မယ်လို့တော့ ကြေညာထားတယ်ပေါ့။ ဆန်ရှင်ရုပ်သိမ်းတာကလည်း နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်တယ်လို့ ကျနော်ယူဆတယ်ဆိုတော့လေ ရန်ကုန် စတော့အိပ်ချိန်းကြောင့် ဒီဟာလုပ်တယ်လို့တော့ ကျနော်မထင်ဘူး။ ဒါပေမယ့်ဘာပဲပြောပြော ရန်ကုန်စတော့အိတ်ချိန်းလည်းရှိလာတယ်၊ ဆန်ရှင်တွေလည်း ဒီလိုရုပ်လာတယ်ဆိုတဲ့အခါမှာ နိုင်ငံတကာမှာတော့ ဒီဆန်ရှင်ရုပ်လိုက်တဲ့ သက်ရောက်မှုထက် ဒီဆန်ရှင်ရုပ်တယ်လို့ ကြေညာတဲ့ ကြေညာချက်ရဲ့ သက်ရောက်မှုက ကျနော်မြင်တယ် ပိုပြီးတော့ တာသွားတယ်လို့ ကျနော်ထင်ပါတယ်။” မေးခွန်းတွေထဲမှာ မပါခဲ့တဲ့ စီးပွားရေး၊ ကုန်သွယ်ရေးလောကတွေမှာ ထူးခြားမယ့် အလားအလာတွေ ဘာတွေ ကျန်ခဲ့သေးလဲ ပြောပြပေးပါ။ “အဓိကကတော့ ကျနော်တို့ အထွေအထူးတော့မရှိပါဘူး။ ကျနော်တို့ ဒါဟာ ဘာပဲပြောပြော ပြည်တွင်းက တင်သွင်းနေတဲ့သူတွေ၊ ပြည်ပတင်ပို့နေတဲ့သူတွေအနေနဲ့ကတော့ ပိုပြီးတော့ ကျနော်တို့ ဒီကြားထဲမှာ ဆန်ရှင်ကြောင့် ရပ်ဆိုင်းလိုက်ရတဲ့ လုပ်ငန်းတွေပေါ့နော်၊ မလုပ်ဖြစ်တဲ့အစီအစဉ်တွေရှိတဲ့ဟာတွေကို ပြန်ပြီးတော့လုပ်ဖို့ကိုင်ဖို့ ပြင်ဆင်နေရတာကို ကျနော်တို့  အားရ၀မ်းသာစွာတွေ့ရတယ်ပေါ့နော်။ တဖက်ကလည်း ဘာပဲပြောပြော ဆန်ရှင်ကြောင့် ကျနော်တို့က တခြားကြားခံတခုကို အသုံးပြုပြီးတော့ လုပ်နေရာကနေ တိုက်ရိုက်လုပ်နိုင်မယ့်အနေအထားကို သွားတွေ့ရတယ်။ ဒါပေမယ့်လည်း ခုနပြောသလို တဖက်ကလည်း ဒါက ခြောက်လပဲဆိုတဲ့အသိစိတ်ကလည်း ရှိနေသေးတယ်ဆိုတဲ့အတွက် ကျနော်တို့ကတော့ သက်ဆိုင်တဲ့ State Holder တွေဖြစ်တဲ့ လက်ရှိ သမ္မတကြီးဦးသိန်းစိန်အစိုးရရော၊ နောင်ဖွဲ့လာမယ့်အစိုးရရောပေါ့နော် အကုန်လုံးပေါ့နော် စီးပွားရေးလုပ်တဲ့နေရာမှာ ကျနော်တို့လုပ်ငန်းရှင်တွေ လွတ်လွတ်လပ်လပ်နဲ့ လွယ်လွယ်ကူကူ လုပ်နိုင်မယ့်အစီအစဉ်တွေ၊ ဒီလိုမျိုး စိုးရိမ်ပူပန်ကြောင့်ကြမှုမရှိဘဲနဲ့ လုပ်နိုင်တဲ့အနေအထားမျိုးတွေကို ဖန်တီးပေးမယ်ဆိုရင်တော့ ကျနော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ရော၊ ကျနော်တို့ပြည်သူတွေအတွက်ရော အများကြီးအကျိုးဖြစ်မယ့်အနေအထားဖြစ်တဲ့အတွက် ဒီလိုမျိုးဖြစ်အောင်သာလုပ်ပေးပါလို့ တိုက်တွန်းနှိုးဆော်ချင်တာပေါ့နော်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024