အာဖဂန်တောင်ပိုင်း ကန်ဒါဟာလေဆိပ်ကို တာလီဘန် တိုက်ခိုက်

ဓာတ်ပုံ - ရိုက်တာ
713
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းက ကန်ဒါဟာမြို့လေဆိပ်ကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်း တာလီဘန်အကြမ်းဖက်တွေ ၀င်ရောက်တိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၄၆ ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အာဖဂန်တပ်ဖွဲ့ဝင်တွေ၊ အရပ်သား ၃၇ ဦးနဲ့ တာလီဘန် အကြမ်းဖက် ၉ ဦး ပါဝင်တယ်လို့ ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။
ကန်ဒါဟာလေဆိပ်မှာ နေတိုးအခြေစိုက်စခန်းတခုနဲ့ အာဖဂန်စစ်ဌာနချုပ်တို့ ပူးတွဲတပ်စွဲထားပြီး လုံခြုံရေး အခိုင်အမာချထားတဲ့ လေဆိပ်လည်း ဖြစ်ပါတယ်။
တာလီဘန်တွေက လေဆိပ်ပထမဂိတ်ကို ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့ပြီး အထဲက အပြင်းအထန် ပြန်လည်ခုခံနိုင်ခဲ့တယ်လို့ ကန်ဒါဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး ပြောခွင့်ရက ဆိုပါတယ်။
အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနေရာအထိ တာလီဘန်တွေက လက်နက်တွေကို သိုဝှက်ယူလာနိုင်ခဲ့တဲ့အတွက် လုံခြုံရေး အကြီးအကျယ် ကျိုးပေါက်မှုလို့လည်း သတင်းတွေက ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း တချို့ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့လည်း ယုံကြည်ရပါတယ်။
တာလီဘန်တွေဘက်ကတော့ အာဖဂန်တပ်ဖွဲ့ဝင် ၈၀ လောက်အထိ သေဆုံးတယ်လို့ ပြောပေမယ့် အတည်မပြုနိုင်ပါဘူး။
ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ တိုက်ခိုက်မှု လုံးဝ ပြီးစီးသွားပြီး ဒဏ်ရာရသူ ၃၅ ဦး ရှိတယ်လို့ ကန်ဒါဟာစစ်ဆေးရုံ အာဏာပိုင်တဦးက ပြောပါတယ်။