A d v e r t i s e m e n t With Us

ကင်ဂျုံအန်း ရွေးထားသည့် အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ တရုတ်တွင် ဖျော်ဖြေမည်

မိုရန်ဘွန်လို့ အမည်ပေးထားတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ဟာ ပွဲဦးထွက် နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ၊ လျောင်နင်းခရိုင်ကို ဒီဇင်ဘာ ၉ ရက်နေ့မှာ သွားရောက်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ၂၀၁၂ ခုနှစ်တုန်းက ဒီအဖွဲ့မှာ ပါဝင်သူတွေကို ရွေးချယ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတ၀ှမ်း လူသိများလာခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ကျော်ကြားတဲ့ သူတို့ရဲ့ သီချင်းတွေထဲမှာ “တို့နိုင်ငံက အကောင်းဆုံးပါပဲ”၊ “လေ့လာစူးစမ်းကြပါစို့” စတဲ့ သီချင်းတွေပါဝင်ပြီး တောက်ပတဲ့စကပ်နဲ့ အနောက်တိုင်းဟန် ဖျော်ဖြေမှုပုံစံတွေ ပါဝင်ပါတယ်။ တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံဂီတအဖွဲ့ ၂ ဖွဲ့ဟာ လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ဘေဂျင်းမြို့၊ အမျိုးသားစင်တာမှာ ဖျော်ဖြေကြမှာဖြစ်ပြီး တရုတ်သီချင်း အများစုလည်း ပါဝင်တယ်လို့ ဆင်ဟွာသတင်းဌာနမှာ ဖော်ပြပါတယ်။ အဲဒီအဖွဲ့ရဲ့ ပထမဆုံး နိုင်ငံတကာခရီးစဉ်ဟာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ပြောပါတယ်။ အဲဒီဖျော်ဖြေပွဲကို အများပြည်သူအတွက် လက်မှတ်ရောင်းချမှာ မဟုတ်ဘဲ တရုတ်နိုင်ငံမှ ပြည်သူသိအနုပညာရှင်၊ အတတ်ပညာရှင် ၂၀၀၀ လောက် ဖိတ်ကြားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီလို နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ဟာ ပထမအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၀ ပြည့်နှစ်တုန်းကလည်း “အနီရောင်ခမ်းနားမှုစံအိမ်များရဲ့အိပ်မက်” အမည်နဲ့ မြောက်ကိုရီးယား အော်ပရာဆပ်ကပ်အဖွဲ့ တဖွဲ့ဟာ တရုတ်နိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  

A d v e r t i s e m e n t With Us

More News
Up