ဂျပန် သူရဲကောင်းစစ်သည်ဗိမာန် ဗုံးခွဲမှု သံသယရှိသူကို ဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့လ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်က ရာဇူကူနိ (Yasukuni) ဂျပန်သူရဲကောင်း စစ်သည်ဗိမာန်ကို ဗုံးခွဲခဲ့သူလို့ သံသယရှိသူ တောင်ကိုရီးယားနိုင်ငံသားကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ဂျပန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ ဂျပန်သူရဲကောင်းဗိမာန်ပွဲတော် ဖွင့်ပွဲနေ့မှာ ဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။ အသက် ၂၇ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသားဟာ ဗိမာန်မှာ ဗုံးဖောက်ခွဲခဲ့အပြီး တောင်ကိုရီးယားနိုင်ငံကို ပြန်သွားခဲ့ကာ ဒီဇင်ဘာ ၉ ရက်နေ့က ဂျပန်နိုင်ငံကို ပြန်အလာ တိုကျို-ဟာနဲဒါလေဆိပ်မှာ ဖမ်းဆီးခံရတာလို့ အန်အိတ်ခ်ျကေ ဂျပန်ရုပ်သံသတင်းက ဆိုပါတယ်။ ဒီသူရဲကောင်းစစ်သည်ဗိမာန်မှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ ဂျပန်စစ်သည်တွေ အားလုံးကို ဂုဏ်ပြုတည်ဆောက်ထားတာဖြစ်ပြီး ဂျပန်ခေါင်းဆောင်တွေ သွားရောက်အလေးပြုတိုင်း အိမ်နီးချင်း တရုတ်၊ တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့က အပြင်းအထန် ပြစ်တင်ရှုတ်ချကြတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ သိမ်းပိုက်ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေက ဂျပန် စစ်ရာဇ၀တ်ကောင်တွေကို သွားရောက် အရိုအသေပေးတယ်လို့ သတ်မှတ်ကြတာပါ။ အခုဖမ်းဆီးရမိတဲ့ တောင်ကိုရီးယားနိုင်ငံသားကို ဒီသူရဲကောင်းစစ်သည်ဗိမာန်ထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ ဖမ်းဆီးထားပြီး သူကတော့ စွပ်စွဲမှုကို ငြင်းဆန်ပါတယ်။ ဒီ ရာဇူကူနိဗိမာန်မှာ ၂၀၁၁ ခုနှစ်က တရုတ်နိုင်ငံသားတဦး အ၀င်ဂိတ်ကို မီးရှို့ဖို့ကြိုးစားခဲ့သလို ၂၀၁၃ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံသားတဦးကပဲ သင်္ဘောဆေး တင်ဒါရည်နဲ့ ဗိမာန်ခန်းမထဲ ပက်ဖျန်းခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up