အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ၆၇ နှစ်ပြည့်ပြီ

550
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကြေညာခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းဟာ ဒီနေ့ဆိုရင် ၆၇ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီနှစ် လူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်ကတော့ “Our Rights, Our Freedoms, Always” အခွင့်အရေးနဲ့ လွတ်လပ်မှုဟာ ထာဝရအတွက်ပါလို့ ဖြစ်ပါတယ်။
ဒီဆောင်ပုဒ်ကို အလေးအနက်ထားပြီး လူ့အခွင့်အရေးတွေကို မြှင့်တင်လိုတဲ့ အစိုးရအနေနဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်ပြီး ပြည်တွင်းပြည်ပ ဒုက္ခသည်တွေ စိတ်ချလုံခြုံစွာနဲ့ နေရပ်ပြန်နိုင်ရေးကို အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လူ့အခွင့်အရေး ပညာပေးသူများကွန်ရက်က တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေ၊ ကလေးတွေနဲ့ မူရင်းဌာနေလူမျိုးတွေ အပါအ၀င် လူနည်းစုတွေအပေါ် အမှန်တကယ် အကာအကွယ်ပေးမယ့် အထူးဥပဒေတွေကို အမြန်ဆုံး ပြဋ္ဌာန်း အကောင်အထည် ဖော်ပေးဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ကဏ္ဍတွေမှာ တိုမြှင့်သုံးစွဲဖို့၊ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံကိန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံက ပဏာမလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာစာချုပ်၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ စာချုပ်၊ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ဆန့်ကျင်တားဆီးရေးစာချုပ်နဲ့ လူမျိုးရေးအခြေခံတဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးစာချုပ်တွေကို အမြန်ဆုံး အတည်ပြုလက်မှတ်ထိုးဖို့လည်း ထုတ်ပြန်တိုက်တွန်းထားပါတယ်။
အချက်ပေါင်း ၃၀ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအတွက် ကုလသမဂ္ဂရဲ့ ဆောင်ပုဒ်ကတော့ လူ့အခွင့်အရေးကိုသိပါ၊ တောင်းဆိုပါ၊ ကာကွယ်ပါလို့ ဖြစ်ပါတယ်။