A d v e r t i s e m e n t With Us

စိတ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်မည့် မော်တော်ကားတီထွင် (ရုပ်သံ)

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့က သုတေသနပညာရှင်တွေဟာ စိတ်နဲ့ထိန်းချုပ် မောင်းနှင်နိုင်မယ့် မော်တော်ကားကို တီထွင်ခဲ့ကြပါတယ်။ တီယန်ကျင်းမြို့၊ နန်ကိုင်းတက္ကသိုလ်မှ တရုတ်နိုင်ငံသား အင်ဂျင်နီယာတွေက တီထွင်လိုက်တဲ့ ဒီကားဟာ ဦးနှောက်နဲ့ အချက်ပြကာ ကားကို ထိန်းချုပ်နိုင်မယ့်စနစ်ကို တီထွင်ခဲ့ကြတာလို့ စီစီတီဗွီသတင်းမှာ ဒီဇင်ဘာ ၈ ရက်နေ့က ဖော်ပြပါတယ်။ လက်ရှိမှာတော့ အဲဒီနည်းပညာနဲ့ ကားကို ရှေ့တိုးနောက်ဆုတ်ခြင်း၊ ဘရိတ် ထိန်းချုပ်ခြင်းနဲ့ တံခါးသော့ပိတ်တာ ဖွင့်တာတွေကို လှုပ်ရှားမှုမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်ပြီလို့ ဆိုပါတယ်။ သုတေသနပညာရှင်တွေက သူတို့ ဒီစနစ်ကို တီထွင်ဖို့ အချိန် ၂ နှစ်ကြာ ကြိုးစားခဲ့ကြတာလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အဲဒီထိန်းချုပ်မောင်းနှင်မှု နည်းပညာမှာ အာရုံခံစားမှုကိရိယာ ၁၆ ခု ပါဝင်တဲ့ နားကြပ်တခုပါဝင်ပြီး ကားမောင်းသူရဲ့ ဦးနှောက်ကတဆင့် လျှပ်စစ်လှိုင်း ထုတ်လွှတ်မှုကို ဘာသာပြန်စနစ်တခုဆီ ပို့လိုက်တာလို့ ဆိုပါတယ်။ သုတေသနပညာရှင် ဇောင်ကျိုးက “ဒီပရောဂျက်ကို စတင်ခဲ့တဲ့ ရည်ရွယ်ချက် ၂ ခုရှိပါတယ်။ ပထမတခုက မသန်စွမ်းတွေအတွက် လက်တွေ ခြေထောက်တွေ လှုပ်ရှားစရာမလိုဘဲ မောင်းနှင်နိုင်ဖို့ပါ။ ဒုတိယတခုကတော့ ကျန်းမာသန်စွမ်းသူတွေအတွက် ဆန်းသစ်ပြီး ပိုမြင့်မားတဲ့ ဉာဏ်ရည်ထိန်းချုပ်စနစ်နဲ့ မောင်းနှင်နိုင်ဖို့ပါ” လို့ ပြောပါတယ်။ လူသူရှုပ်ထွေးတဲ့ လမ်းမတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့ချိန် ခုလိုမောင်းနှင်တာဟာ အန္တရာယ်ရှိနိုင်ပေမယ့် သုတေသန ပညာရှင်တွေကတော့ ယာဉ်တိုက်မှု မဖြစ်ရအောင် လှည့်ပတ်မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ တကယ်လို့ ယာဉ်မောင်းသူအနေနဲ့ သတိလက်လွတ် ဖြစ်နေခဲ့ရင်တောင် ယာဉ်ရဲ့ အခြေအနေကို ပြောင်းလဲနိုင်ဖို့ စိတ်အာရုံ စုစည်းထိန်းချုပ်လိုက်ဖို့သာ လိုတယ်လို့ ဆိုပါတယ်။ အခုတီထွင်မှုဟာ မောင်းသူမဲ့ မော်တော်ကားတွေနဲ့ နည်းပညာပူးပေါင်းပြီး သမားရိုးကျ မောင်းနှင်မှုကနေ ပြောင်းလဲလာနိုင်လိမ့်မယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ ဒီပရောဂျက်ကို ဦးဆောင်တဲ့ ပါမောက္ခ ဂျူအန်ဖန်းက “နောက်ဆုံးတော့ မောင်းသူမဲ့၊ ဒါမှမဟုတ် စက်ပစ္စည်းတွေက လူတွေကို ၀န်ဆောင်မှုပေးနိုင်ခဲ့ပါပြီ။ လူတွေရဲ့ ရည်ရွယ်ချက်တွေကို အသိအမှတ်ပြုလာခဲ့ပါပြီ” လို့ ပြောပါတယ်။ ရုပ်သံ - စီစီတီဗွီ

A d v e r t i s e m e n t With Us

More News
Up