အစ္စရေးထောက်လှမ်းရေး မော့ဆက်အဖွဲ့ အကြီးအကဲ အသစ်ခန့်အပ်

မော့ဆက်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်အသစ် ရော့စီကိုဟန်(ယာ)။ (ဓာတ်ပုံ-အေအက်ဖ်ပီ)
1.1K
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နာသန်ရာဟုက အစ္စရေး အမျိုးသားလုံခြုံရေး ထိပ်တန်းအကြံပေး ရော့စီ ကိုဟန် (Yossi Cohen) ကို အစ္စရေး ထောက်လှမ်းရေး မော့ဆက်အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဒီဇင်ဘာ ၇ ရက်နေ့က ခန့်အပ်လိုက်ပါတယ်။
အသက် ၅၄ နှစ်အရွယ် ကိုဟန်ဟာ ၁၉၈၃ ခုနှစ်က အစ္စရေးထောက်လှမ်းရေးဌာနမှာ ပထမဆုံး စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်အတွင်း အစ္စရေး အမျိုးသားလုံခြုံရေး အကြံပေးမဖြစ်ခင် အစ္စရေးထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူး ဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ၀န်ကြီးချုပ် နာသန်ရာဟုရဲ့ ထိပ်တန်းလုံခြုံရေးအကြံပေး လုပ်ခဲ့တာပါ။
သူ့ရဲ့အိမ်ရှေ့မှာ ဒီဇင်ဘာ ၈ ရက်နေ့က သတင်းထောက်တွေကို ပြောဆိုရာမှာတော့ အစ္စရေးပြည်သူတွေအတွက် စိတ်အချရဆုံး လုံခြုံရေးနဲ့ အကောင်းဆုံး ထောက်လှမ်းရေးဖြစ်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ပြောပါတယ်။
သူ့ကို ယုံယုံကြည်ကြည် ခန့်အပ်ခဲ့တဲ့ ၀န်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ပြီး အလွန်အရေးကြီးတဲ့ အဖွဲ့အစည်းကို တာဝန်ယူရမှာ ဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ကိုဟန်က ပြောပါတယ်။
အစ္စရေးထောက်လှမ်းရေးရဲ့ ၀က်ဆိုက်မှာ ဌာနချုပ်ရဲ့နေရာ၊ ဖုန်းနံပါတ်တွေနဲ့ ၀န်ထမ်းအင်အား စတာတွေကို ဖော်ပြလေ့မရှိပါဘူး။
၅ နှစ်သက်တမ်းပြည့်လို့ ထွက်ခွာသွားတဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း တာမာပါဒိုကတော့ မော့ဆက်ထောက်လှမ်းရေးရဲ့ အဓိကတာဝန်တွေဟာ အစ္စရေး လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့ နိုင်ငံတွေမှာ အထူးသဖြင့် နျူကလီးယားလို ပုံမှန်မဟုတ်တဲ့ လက်နက်ဆန်းတွေ ရယူသယ်ဆောင်တာ၊ စမ်းသပ်ထုတ်လုပ်တာတွေ၊ ပြီးတော့ အစ္စရေးပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ စတာတွေ ပါဝင်တယ်လို့ ရေးသားထားပါတယ်။
အစ္စရေးထောက်လှမ်းရေးတပ်ဖွဲ့ မော့ဆက်ကို အစ္စရေးနိုင်ငံ တည်ထောင်ပြီး ၁၉ လ အကြာ ၁၉၄၉ ဒီဇင်ဘာမှာ ဖွဲ့စည်းခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်ရုံးက တိုက်ရိုက်ကိုင်တွယ်ပါတယ်။