A d v e r t i s e m e n t With Us

တရုတ်လို သီဆိုထားသည့် အိုင်အက်စ် စစ်သွေးကြွသီချင်း

အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ဖြန့်ချိလိုက်တာလို့ ယူဆရတဲ့ တရုတ်သီချင်းတပုဒ်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပိုနီးကပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ လိုပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြောပါတယ်။ ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ဝါဒဖြန့်လက်ရုံး အယ်လ် ဟယပ် မီဒီယာက မန်ဒရင်းတရုတ်စကားနဲ့ သီဆိုထားတဲ့ မွတ်စလင်ညီအစ်ကိုတွေ နိုးထကြလို့ အဓိပ္ပာယ်ရတဲ့ သီချင်းကို အင်တာနက်ပေါ် ဖြန့်ချိခဲ့တာပါ။ ၄ မိနစ်ကြာ သီချင်းခေါင်းစဉ်က ကျနော် မူဂျာဟစ်လို့ မှည့်ခေါ်ထားပါတယ်။ စစ်မြေပြင်မှာတိုက်ရင်း သေဖို့က အိပ်မက်ပဲ၊ ဘယ်တပ်ကမှ ကျနော်တို့ စီးနင်းမှုကို မရပ်တန့်နိုင် စတဲ့ သီချင်းစာသားတွေ ပါပါတယ်။ မာလီအကြမ်းဖက်မှု၊ ပါရီတိုက်ခိုက်မှုနဲ့ ရုရှားလေယာဉ်ကို တူရကီက ပစ်ချမှုတွေအပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြီးအကျယ် ညှိနှိုင်းဆောင်ရွက်ကြဖို့ တရုတ်က တိုက်တွန်းခဲ့တာပါ။ ဒါပေမယ့် ဆီးရီးယားကို စစ်ရေးနဲ့ အဖြေရှာလို့ မရဘူးဆိုပြီး ကာလကြာရှည် ပြောခဲ့ပါတယ်။ တရုတ် နိုင်ငံခြားရေးပြောခွင့်ရ ဟွာချန်းယဉ်က "အကြမ်းဖက်မှုဟာ လူသားထုရဲ့ ဘုံရန်သူဖြစ်တယ်၊ အင်တာနက်ကိုသုံးပြီး အစွန်းရောက်တွေကို ရပ်တန့်ဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။ တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီး ချန်ကို့ပင်းကတော့ တရုတ်အစိုးရဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အားထုတ်မှုတွေမှာ အမေရိကန်၊ ရုရှားတို့နဲ့ ပူးပေါင်းပြီးပြီလို့ ပြောပါတယ်။ အသေးစိတ် အချက်အလက်ကိုတော့ မပြောပါဘူး။ တရုတ်နိုင်ငံအနောက်ပိုင်း စွမ်းအင်ကြွယ်ဝတဲ့ ရှင်းကျန်းဒေသမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ ခွဲထွက်ရေးသမားတွေရဲ့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး အုပ်စုတွေကတော့ အကြမ်းဖက်မှုတွေဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုအပေါ် တရုတ်ရဲ့ ထိန်းချုပ်မှုတွေကို ဒေါသထွက်လို့ ဖြစ်လာတာလို့ ပြောနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up