လှိုင်မြစ်ကမ်းစပ်တွင် သိန်း ၁ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာ၀င်းအနီးမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ။
1.6K
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်အနီး လှိုင်မြစ်ကမ်းစပ်ကနေ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၁၂၅၈ ရှိတဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ၂ သောင်းကျော်ကို ဒီဇင်ဘာ ၅ ရက်နေ့က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီစိတ်ကြွရူးသွပ်ဆေးပြားတွေ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ရန်ကုန်မှာ သန်းနဲ့ချီတဲ့ မူးယစ်ဆေး အမြောက်အမြား ဖမ်းမိတဲ့ ဖြစ်စဉ်တွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
ဒီစိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ၂ သောင်းကျော်ဟာ ရေစီးနဲ့မျောပါလာပုံရပြီး ဘယ်ကလာတယ်ဆိုတာကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ မူးယစ်တပ်ဖွဲ့စု ၄ဝ ခေတ္တတပ်ဖွဲ့စုမှူးက ပြောဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လှိုင်သာသာမြို့မရဲစခန်းက အမှုဖွင့်လှစ်ပြီး တရားခံကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ မြန်မာအစိုးရပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအနီးမှာ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သန်းကျော် ပိုင်ရှင်မဲ့ သိမ်းဆည်းမိတဲ့နောက်ပိုင်း ထပ်မံပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးတွေ အပါအဝင် စိတ်ကြွဆေးပြား ၃၄ သန်းကျော် သိမ်းဆည်းမိခဲ့တာပါ။
လက်ရှိမှာတော့ ဒီအမှုတွေနဲ့ ပတ်သက်မှုရှိသူ ၁၃ ဦးကို ဖမ်းဆီးထားတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့ကနေ သိရပါတယ်။