Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသား ကိုမင်းသွေးသစ် အပါအ၀င် ၄ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်
နော်နိုရင်း
·
December 8, 2015
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြရင်း လက်ပံတန်းမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဗကသကျောင်းသားတွေကို ဒီနေ့မနက်က သာယာဝတီခရိုင် တရားရုံးမှာ ၂၉ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးနေပါတယ်။ ဒီနေ့ ရုံးထုတ်ရာမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် အပါအ၀င် ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၄ ဦးဟာ ကျန်းမာရေး မကောင်းတဲ့အတွက် ဒီနေ့ညနေမှာပဲ သာယာဝတီထောင်ကနေ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်နေပြီလို့ ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။ “အဓိက ကိုမင်းသွေးသစ်ကဆိုရင် အစာအိမ်ယောင်တယ်။ အာရုံကြောဖြစ်တယ်ပေါ့နော့်။ အခု ဆေးတွေပါ တခါတည်း သွင်းရတာလေ။ အခု ရန်ကုန်ဆေးရုံကြီးကို သွားနေပြီ။ မာနော်ဆိုရင်လည်း သူက ကျောက်ကပ်ဖြစ်တာလေ။ သူကကျတော့ အန်တယ်ပေါ့နော်။ ဆီးသွားရင်လည်း သွေးပါတယ်။ အော့တယ် နာတယ်ပေါ့။ ထိန်လင်းအောင်ကလည်း အစာအိမ်ပဲ။ ကိုမြကြီးဆိုရင်လည်း အာရုံကြောပေါ့၊ ကိုယ်တခြမ်း ထုံထိုင်းပြီး လေဖြတ်ချင်သလိုမျိုး ဖြစ်နေတာပေါ့။” ဆေးကုသခွင့်ရရှိတဲ့ ၄ ဦးကတော့ ကျောင်းသား ကိုမင်းသွေးသစ်၊ ကိုမာနော်၊ ၀န်းရံပြည်သူ ကိုမြကြီးနဲ့ ကိုထိန်လင်းအောင်တို့ ဖြစ်ပါတယ်။ လက်ရှိ သာယာဝတီထောင်ကနေ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၉ ဦးရှိပြီး အခု နောက်ထပ် ၄ ဦး ထပ်တိုးလာတာ ဖြစ်ပါတယ်။ ဒီကနေ့ ရုံးချိန်းမှာတော့ ကိုခန့်အောင်နဲ့ တေဇာထွန်းတို့ ၂ ဦး အာမခံရရှိတယ်လို့လည်း ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။ “ဒီနေ့ ရုံးထုတ်မှာတော့ ကျမတို့ တရားလို ရဲမှူးဘုန်းမြင့်ကို ဆက်စစ်ပါတယ်။ လွန်ခဲ့တဲ့ရုံးချိန်းက အာမခံ ၃ ယောက် လျှောက်ထားတဲ့ထဲက ၂ ယောက်ရပါတယ်။ ခန့်အောင်ပေါ့နော်။ သူက ၁၀ တန်းကျောင်းသား၊ စာမေးပွဲဖြေဖို့နဲ့ရတယ်။ နောက်တခါ တေဇာထွန်း၊ သူက လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်နေတဲ့ တယောက်ပေါ့။  သူတို့နှစ်ယောက် အာမခံရပါတယ်။ ကိုခင်မောင်ဝင်းကတော့ စာရွက်စာတန်းတွေ မပြည့်စုံလို့ဆိုပြီး အပယ်ခံရပါတယ်။” ဒါ့အပြင် ဒီကနေ့မှာလည်း နောက်ထပ် ၃ ယောက် အာမခံရဖို့ ထပ်လျှောက်ထားတယ်လို့လည်း ပြောပါတယ်။ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်ကို ခရီးရှည်ချီတက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လက  လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွင်းပြီး သာယာဝတီထောင်မှာ ဖမ်းဆီး တရားစွဲဆိုထားတာပါ။ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူပေါင်း ၆၈ ဦးရှိခဲ့ပြီး ဒီနေ့ထိ ၁၈ ဦး အာမခံရရှိထားပြီ ဖြစ်ပါတယ်။ ကျန် အယောက် ၅၀ ကတော့ ထောင်တွင်းမှာ ဆက်လက် အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024