Home
မြန်မာသတင်း
ဗန်းမော်မြို့နယ်တွင် ရွှေရောင်ငွေရောင် အမှုန်စများ လေထုထဲမှ ကျဆင်းမှုဖြစ်ပွား
နော်နိုရင်း
·
December 8, 2015
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မိုးဖိန်းကျေးရွာမှာ ကောင်းကင်ပေါ်ကနေ ပုံမှန်မဟုတ်တဲ့ အမှုန်အစတွေ ကျဆင်းမှု ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းရက်တွေက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးပေါ်ကနေ ရွှေရောင်၊ ငွေရောင် အမှုန်အစတွေ ကျလာတာဖြစ်လို့ ရွှေမိုးငွေမိုးလို့ ပြောဆိုနေကြကြောင်း ဒေသခံတဦးက ပြောပါတယ်။ “ထူးဆန်းတာက မိုးဖိန်းဆိုတဲ့ရွာနားက ကွက်လပ်လေးတခုမှာ အဲဒီအရာတွေက မိုးမရွာဘာမရွာဘဲနဲ့ လေတိုက်တဲ့အခါ ကျလာတာပေါ့။ အစတွေက တချို့ ငွေရောင်ရှိတယ်။ တချို့ ရေညှိလိုလိုပုံစံမျိုး အဖတ်လေးတွေလို့ ပြောတယ်။ အဲဒါက အ၀တ်လျှော်တဲ့ထဲမှာ ပါသွားရင် သူ့အရောင်က နည်းနည်းတော့ ပြောင်းသွားတယ်။ ဒါပေမယ့် တခြား စွန်းထင်းတာတော့ မရှိဘူးပေါ့။ ကျနော်ယူဆတာက ပစ္စည်းတခုခု မီးလောင်ကျွမ်းပြီးမှ ပြန်ရလာတဲ့ အမှုန်လိုပေါ့။ ကောင်းကင်ကို လွင့်သွားတဲ့ ပြာလိုလိုဘာလို အဲလိုမျိုး အဲလိုပုံစံပေါ့။ အခဲလို မာကျောကျောတော့ မဟုတ်ဘူး ပွပွလေး မုန့်ကြွပ်လိုမျိုးပေါ့။” ဗန်းမော်မြို့နယ်က အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်သင်းကလည်း ဒီလိုဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက နေရာ သုံးနေရာလောက်မှာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ “ဒီဇင်ဘာ ၁ ရက် ၂ ရက်လောက်မှာ မိုးဖိန်းရွာအ၀င်နားက စေတီမှာ သူက အဲဒီဟာ လာတော့မယ်ဆိုရင် အ၀ါရောင် အမွှေးအနံ့တွေ အရင်လာတယ်။ လာပြီးရင် အဲဒါတွေ ကျတာပေါ့လေ။ မိုးရွာသလိုမျိုးပေါ့။ ရွှေရောင်လေးတွေကျတယ်။ နောက်တခါ ကျနော်တို့ မန်ရွက်ဘက် ရွာပြန်တယ်။ ဗန်းမော်ကနေ အောက်ဘက် ၈ မိုင်လောက် မန်စီဘက် ဆင်းတဲ့လမ်း၊ အဲဒီမှာလည်း ရွာတယ်လို့ပြောတယ်။ အခုဟာကျတော့ ကျနော်တို့ တပ်ကို ဖြတ်တဲ့လမ်းပေါ့ ကျောက်ခဲလိုလို။ ဖန်လုံးလိုလိုရှိတယ်တဲ့၊ လူခင်းထားသလို ဖြစ်တာပေါ့လေ။” ဒါပေမယ့် မိုးဖိန်းဘက်မှာဖြစ်တဲ့ ဖြစ်စဉ်မှာ လေးငါး ခြောက်ရက်လောက် ဆက်တိုက် ကျခဲ့တာလို့လည်း ပြောပါတယ်။ မိုးလေ၀သနှင့် ဇလဗေဒဌာန အထက်မြန်မာပြည် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကတော့ ဒါ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အနေအထားဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “မိုးလေ၀သဌာန အနေနဲ့ကတော့ ဒီလိုမျိုးရွာတယ် ဆိုတာကတော့ ထူးခြားတဲ့ အနေအထားမျိုးတော့ ရှိတာပေါ့နော်။ ဒါမျိုးတွေက လေကြောင့်မို့လို့လည်း ဖြစ်နိုင်တယ်။ မြေပြင်လေတိုက်နှုန်း အခြေအနေနဲ့ လေတိုက်ရာအရပ်ပေါ်မှာ မူတည်ပြီးတော့ ရွေ့လျားလာတဲ့ အမှုန်အစတွေ၊ လေရဲ့ သယ်ဆောင်မှုကြောင့် တခြားနေရာမှာ ရွာကျတာမျိုးလည်း ဖြစ်နိုင်တာပေါ့။” ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကို မေးမြန်းကြည့်တဲ့ အခါမှာ ဒါဟာ သဘာဝတိမ်မဟုတ်တဲ့ လေထုက ဖုန်မှုန့်တွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ “အဲဒါကြာပြီပဲ။ ကျနော်တို့ Asia Brown cloud အာရှ အညိုရောင်တိမ်တိုက်ဆိုတာ ဖြစ်နေတာလေ။ အဲဒီလေထဲမှာ သဘာဝတိမ်မဟုတ်တဲ့ ဒီ မီးတောင်ပေါက်တာတို့၊ ပူတဲ့အတွက်ကြောင့်မို့ ရောက်နေတဲ့ ဖုံမှုန့်တွေတို့ ဘာတို့ အားလုံးရောနေတဲ့ တိမ်တိုက်ကြီးက အာရှတိုက်မှာ ရှိနေတာပဲ။ ကျနော်ကတော့ ဒါပဲဖြစ်နိုင်တယ်လို့ ထင်တယ်။ ကျန်တာတော့ မဖြစ်နိုင်ပါဘူး။” ဒီလိုမျိုးဖြစ်စဉ်တွေကြောင့် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိနိုင်တယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024