A d v e r t i s e m e n t With Us

အမေရိကန် မဟာမိတ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဆီးရီးယားနိုင်ငံအရှေ့ပိုင်းမှာ အမေရိကန်မဟာမိတ် လေကြောင်းတိုက်ခိုက်မှုလို့ ယုံကြည်ရတဲ့ ပစ်ခတ်မှုတခုအတွင်း ဆီးရီးယားတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတယ်လို့ ဆီးရီးယားပြည်တွင်းစစ် စောင့်ကြည့်ရေးအဖွဲ့တခုက ဒီဇင်ဘာ ၇ ရက်နေ့က ဆိုပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ထားတဲ့ ဒယ်ရာ ဇောလ် (Deir al Zor) ပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး ဆီးရီးယားတပ်ဖွဲ့ဝင် ၁၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ ဒါဟာ အမေရိကန်နဲ့ မဟာမိတ်တွေ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ပထမဆုံး ဆီးရီးယားတပ်ဖွဲ့ဝင်တွေ ကျဆုံးမှုဖြစ်ပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ နောက်ထပ် လေကြောင်းပစ်ခတ်မှုလို့ ယုံကြည်ရတဲ့ ပစ်ခတ်မှုတခုမှာလည်း ဆီးရီးယား အမျိုးသမီးတဦးနဲ့ သူ့ရဲ့ကလေး ၂ ဦး သေဆုံးခဲ့သေးတယ်လို့လည်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ ဒယ်ရာဇောလ်ပြည်နယ်ဟာ ရေနံကြွယ်ဝပြီး ဆီးရီးယားမြို့တော်အဖြစ် ကြေညာထားတဲ့ ရက်ကာမြို့နဲ့ အီရတ်နိုင်ငံရှိ အိုင်အက်စ် အကြမ်းဖက်နယ်မြေတွေရဲ့ ကြားက ပြည်နယ်ပါ။ အခုလို ဆီးရီးယားစစ်တပ်ရှိတဲ့နေရာ ပစ်ခတ်မှုကို ဆီးရီးယားအစိုးရက ရှုတ်ချထားပြီး အမေရိကန်နဲ့ မဟာမိတ်တွေဘက်ကတော့ သူတို့ရဲ့ပစ်ခတ်မှု မဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up