မော်စကိုမြို့တော်အလယ်ပိုင်း အသေးစား ပေါက်ကွဲမှုဖြစ်၊ ၃ ဦး ဒဏ်ရာရ

ပေါက်ကွဲမှုဖြစ်သည့်နေရာအား စစ်ဆေးနေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
1K
ရုရှားနိုင်ငံမြို့တော် မော်စကိုအလယ်ပိုင်း ဘတ်စ်ကားမှတ်တိုင်တခုမှာ ဒီဇင်ဘာ ၇ ရက်နေ့ ညပိုင်းက အသေးစား ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားသတင်းအေဂျင်စီတွေက ဖော်ပြကြပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ မော်စကိုမြို့တော်၊ ရှစ်စတီပရူဒီ မြေအောက်ရထားဘူတာရုံ အနီးက ပေါ်ကရော့ဗ်ကာ လမ်းပေါ်မှာဖြစ်ခဲ့ပြီး အဲဒီနေရာမှာ ဘားတွေ၊ ကဖေးဆိုင်တွေ အများစု ရှိနေတာပါ။
ရုရှားပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အန်ဒရေးဂဲလိခ်ဘရော့ဗ်က ဒါဟာ အနီးနားက အဆောက်အအုံတခုခု ဒါမှမဟုတ် ဖြတ်သွားတဲ့ ကားတစီးစီးပေါ်က လက်လုပ်ဗုံးတလုံး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံ ရာဇ၀တ်ပြစ်မှုဥပဒေအောက်မှာ ဒါဟာ ရမ်းကားမှုကျူးလွန်တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မှန်ကွဲစထိကာ လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ တပ်စ်သတင်းအေဂျင်စီနဲ့ တွေ့ဆုံချိန်မှာ သူကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီးမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဒီဇင်ဘာ ၈ ရက် မနက်အစောပိုင်းအထိ ရှာဖွေစုံစမ်းမှုတွေ လုပ်နေကြပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီး ၂ ဦးကို ဆေးရုံပို့ဆောင်ခဲ့ရပြီး နောက်တဦးကိုတော့ အဲဒီနေရာမှာပဲ အသေးစားကုသမှုတွေ လုပ်ပေးနေခဲ့တာဖြစ်တယ်လို့ လုံခြုံရေးဆိုင်ရာအဖွဲ့နဲ့ နီးစပ်တဲ့ ရင်းမြစ်တခုကို ကိုးကားပြီး တပ်စ်သတင်းအေဂျင်စီက ပြောပါတယ်။