ရွေးကောက်ပွဲတွင် အများစုနိုင်ပြီး ဗင်နီဇွဲလား အတိုက်အခံများ လွှတ်တော်ကို ထိန်းချုပ်နိုင်

ဗင်နီဇွဲလား အတိုက်အခံကို ထောက်ခံသူများ။ (ဓာတ်ပုံ - ရိုက်တာ)
1.5K
ဗင်နီဇွဲလား အတိုက်အခံတွေဟာ ၁၆ နှစ်အတွင်း ပထမဆုံးအနေနဲ့ လက်ရှိအာဏာရ ဆိုရှယ်လစ်ပါတီကို အနိုင်ရပြီး လွှတ်တော်ကို ထိန်းချုပ်နိုင်လောက်အောင် မဲအများစု ရရှိခဲ့ပါတယ်။
သမ္မတ နီကိုးလပ်စ် မာဒူရိုကလည်း လွှတ်တော်တွင်း နေရာအများစု အရှုံးကို လက်ခံခဲ့ပါတယ်။
ရွေးကောက်ပွဲ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ တစ်ဘီစေး လူစီနာက "အတိုက်အခံ ဒီမိုကရက်တစ် ညီညွတ်ရေး ညွန့်ပေါင်းအဖွဲ့ဟာ အမျိုးသားညီလာခံတွင်း နေရာ ၁၆၇ နေရာထဲက ၉၉ နေရာ အနိုင်ရခဲ့ပြီး လက်ရှိ အာဏာရ ဆိုရှယ်လစ်ပါတီက ၄၆ နေရာနိုင်တယ်၊ တချို့ ခရိုင်တွေကတော့ မဲတွေ ရေတွက်နေဆဲ" လို့ ဒီဇင်ဘာ ၆ ရက်က ရွေးကောက်ပွဲရလဒ်ကို ကြေညာပါတယ်။
သူကြေညာအပြီးမှာ မြို့တော် ကာရာကက်စ်ရဲ့ အတိုက်အခံ လိုလားသူ ခရိုင်တွေက မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့ကြပါတယ်။
အသက် ၅၃ နှစ်အရွယ် မာဒူရိုက အရှုံးကို အမြန် အသိအမှတ် ပြုခဲ့တာပါ။
ရွေးကောက်ပွဲရလဒ်ကို လက်ခံတယ်လို့ အစိုးရရုပ်သံကနေ ကြေညာပါတယ်။ မဲရလဒ်နဲ့ပတ်သက်ပြီး မာဒူရိုက စီးပွားရေးစစ်ပွဲကို အပြစ်တင်ခဲ့ပါတယ်။