ဗြိတိန် မြေအောက်ဘူတာရုံတွင် ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ် (ရုပ်သံ)

3.4K
ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော် အရှေ့ပိုင်းက မြေအောက်ဘူတာရုံတခုမှာ ဓားထိုးမှုဖြစ်ခဲ့ပြီး အကြမ်းဖက်မှုအဖြစ် ဗြိတိန်ရဲတပ်ဖွဲ့က သတ်မှတ်ခဲ့ပါတယ်။
ဓားထိုးမှုကို မိုဘိုင်းဖုံးတွေနဲ့ ဗွီဒီယိုရိုက်ယူထားတာရှိရင် ရဲတပ်ဖွဲ့ကို မျှဝေဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
အသက် ၂၇ နှစ်အရွယ် ဓားထိုးသူက “ဒါဟာ ဆီးရီးယားနိုင်ငံအတွက် တုံ့ပြန်တယ်” လို့ အော်ဟစ်တိုက်ခိုက်ခဲ့တယ်ဆိုပြီး သတင်းတွေက ဆိုပါတယ်။
အသက် ၅၆ နှစ်အရွယ် အမျိုးသားတဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပေမယ့် အခုတော့ ဆေးရုံမှာ စိုးရိမ်စရာ မရှိတော့ဘူးလို့ ဆိုပါတယ်။
အမျိုးသား နောက်တဦးလည်း ဓားဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အမျိုးသမီးတဦးကတော့ ခြိမ်းခြောက်ခံရပေမယ့် ထိခိုက်မှု မရှိခဲ့ပါဘူး။
လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ တန်ပြန် အကြမ်းဖက်ထောက်လှမ်းရေးတပ်ဖွဲ့က ဒီတိုက်ခိုက်မှုကို ဆက်လက်စုံစမ်းနေပြီး တိုက်ခိုက်သူရဲ့ လန်ဒန်မြို့ နေအိမ်ကိုလည်း ရှာဖွေမှုတွေ လုပ်နေပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ရုံးကလည်း ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
တန်ပြန် အကြမ်းဖက်ထောက်လှမ်းရေးမှူး ရစ်ချက် ၀လ်တန်က ဒီတိုက်ခိုက်မှုကြောင့် ပြည်သူတွေ သိပ်မစိုးရိမ်ကြဖို့နဲ့ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု ရှိနေတဲ့အတွက် နိုးနိုးကြားကြား သတိနဲ့ သွားလာကြဖို့ တိုက်တွန်းထားပါတယ်။
ဗြိတိန်တနိုင်ငံလုံးမှာ အစ္စလာမ္မစ် အကြမ်းဖက် တိုက်ခိုက်လာနိုင်ခြေများလို့ လုံခြုံရေးအဆင့် ဒုတိယအမြင့်ဆုံးမှာ ဆက်မြှင့်တင်ထားဆဲ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှုကတော့ ၂၀၀၅ ခုနှစ်က လန်ဒန်မြို့တော်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၅၂ ဦး သေဆုံးခဲ့ပါတယ်။
ရုပ်သံ - ဘီဘီစီ