A d v e r t i s e m e n t With Us

သြစတြေးလျနိုင်ငံသားကို သတ်ဖြတ်မှု သံသယရှိသူ ၂ ဦးကို ဖမ်းမိ

သံသယရှိ အမေရိကန်နိုင်ငံသားကို ဖမ်းဆီးခေါ်ဆောင်လာစဉ် (သည်နေရှင်း)
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သြစတြေးလျနိုင်ငံသားတဦးကို ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တဲ့ နိုင်ငံခြားသား ၅ ဦးထဲက အဓိကသံသယရှိသူနဲ့ နောက်တဦးကို ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။ အသက် ၂၇ နှစ်အရွယ် အဓိကသံသယရှိသူ အန်တိုနီယို ဘက်နာတိုကို ကမ္ဘောဒီယားနိုင်ငံ၊ ဖနွိုင်ပင်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ နောက်တဦးကတော့ အသက် ၂၁ နှစ်အရွယ် အမေရိကန်နိုင်ငံသား တိုင်လာ ဂျီရေးလ်ဖြစ်ပြီး ထိုင်းနိုင်ငံမှာပဲ ဖမ်းဆီးရမိပါတယ်။ အဓိကသံသယရှိသူ အန်တိုနီယို ဘက်နာတိုဟာလည်း သြစတြေးလျနိုင်ငံသားပဲဖြစ်ပြီး သတ်ဖြတ်ခံရသူ ၀ိန်း ရှနိုက်ဒါ နဲ့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ အားကစားခန်းမ အတူဖွင့်ခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ သတ်ဖြတ်ခံရသူ ၀ိန်း ရှနိုက်ဒါ ကို သူနေထိုင်တဲ့ ပတ္တရားမြို့ အဆင့်မြင့်အိမ်ရာတခုကနေ မျက်နှာဖုံးစွပ် လူ ၅ ဦးက နိုဝင်ဘာ ၃၀ ရက်နေ့ မနက်အစောပိုင်းမှာ ကားပေါ်တင်ခေါ်ဆောင်သွားခဲ့ပြီး သူတို့အားလုံး နိုင်ငံခြားသားတွေဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့ကျက ကမ်းခြေတခုအနီးမှာ ၀ိန်း ရှနိုက်ဒါရဲ့ ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့က ပြန်လည်တူးဖော်တွေ့ရှိခဲ့တာပါ။ ၀ိန်း ရှနိုက်ဒါဟာ သြစတြေးလျ နိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်မှာ ရာဇ၀တ်မှတ်တမ်း ရှည်ရှိသူတဦးဖြစ်ပြီး အလိုရှိဆုံး လူဆိုး ၁၀ ဦးစာရင်းမှာ ပါဝင်တဲ့အတွက် သူသတ်ဖြတ်ခံရတဲ့သတင်းဟာ သြစတြေးလျနိုင်ငံမှာ လူအတော်စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ သတ်ဖြတ်ခံရသူကော၊ သတ်ဖြတ်သူလို့ သံသယရှိသူပါ သြစတြေးလျနိုင်ငံသားတွေဖြစ်ကြပြီး Harley Davison ဆိုင်ကယ်စီး လူဆိုးဂိုဏ်းဝင်တွေလည်း ဖြစ်ကြပါတယ်။ ဖမ်းဆီးထားသူ ၂ ဦးလုံးကို လူသတ်မှု၊ ပြန်ပေးဆွဲမှုတွေနဲ့ ထိုင်းတရားရုံးမှာ စွဲချက်တင်ထားပြီး ကျန်သူတွေကို ထိုင်းရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up