ဆီးရီးယားရှိ ရေနံတူးစင်များကို ဗြိတိန်တိုက်လေယာဉ် ၄ စီးဖြင့် တိုက်ခိုက် (ရုပ်သံ)

3K
ဗြိတိန်လေတပ်က ဆီးရီးယားနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ရေနံတူးစင်တွေကို ဒီဇင်ဘာ ၄ ရက်နေ့က ဒုတိယအကြိမ် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ဗြိတိန်ပါလီမန်က ထောက်ခံအတည်ပြုအပြီးမှာ ဆီးရီးယားအရှေ့ပိုင်း အိုမာရေနံမြေမှာ တိုက်လေယာဉ် ၄ စီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
ဗြိတိန် ကာကွယ်ရေးဝန်ကြီး မိုက်ကယ်ဖော်လန်ဟာလည်း ဒီဇင်ဘာ ၅ ရက်နေ့က ဆိုင်းပရက်စ်နိုင်ငံမှာရှိတဲ့ ဗြိတိန်လေတပ်အခြေစိုက်စခန်းကို ရောက်ရှိနေပြီး ဗြိတိန်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအားပေးခဲ့ပါတယ်။
ဗြိတိန်နိုင်ငံဟာ ဆွေးနွေးညှိနှိုင်းလို့မရတဲ့ ရန်သူပုံစံအသစ်နဲ့ ရင်ဆိုင်နေရပြီး ဗြိတိန်နိုင်ငံရဲ့ လေကြောင်းစစ်ဆင်ရေးဟာ လွယ်လွယ်နဲ့ အချိန်တိုအတွင်း ပြီးစီးနိုင်မယ့် စစ်ဆင်ရေးမျိုး မဟုတ်ဘူးလို့ ဗြိတိန်တပ်ဖွဲ့ဝင်တွေကို ပြောဆိုခဲ့ပါတယ်။
အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေရဲ့ အဓိက၀င်ငွေ ပင်မလမ်းကြောင်းဖြစ်တဲ့ ရေနံတူးစင်တွေကို ပဲ့ထိန်းဒုံးတွေနဲ့ တိတိကျကျ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့က ဆိုင်းပရက်စ်နိုင်ငံမှာရှိတဲ့ ဗြိတိန်လေတပ်အခြေစိုက်စခန်းကို ကမ္ဘာ့အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေဖြစ်တဲ့ တိုက်ဖွန်းတိုက်လေယာဉ် ၆ စီး ထပ်မံအားဖြည့်ခဲ့ပါတယ်။