မန်စီးတီး နှင့် ချဲလ်ဆီး ရှုံးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (ရုပ်သံဟိုက်လိုက်)

1.9K
ဒီဇင်ဘာ ၅ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ ရှုံးနိမ့်သွားပါတယ်။
အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းကတော့ စတုတ်စီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။
စတုတ်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကို မာကိုက ပထမပိုင်း ၇ မိနစ်နဲ့ ၁၅ မိနစ်မှာ ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ အခြေအနေမလှဖြစ်နေတဲ့ လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းကလည်း အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။
ဘုန်းမောက်အသင်းအတွက် အနိုင်ဂိုးကိုတော့ မာရေးက ၈၂ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲအရှုံးကြောင့် အမှတ်ပေးဇယား အဆင့် ၁ နေရာကနေ ၃ ကို ဆင်းလိုက်ရပြီး ၁၅ ပွဲကစား ရမှတ် ၂၉ မှတ် ရရှိထားပါတယ်။ စတုတ်စီးတီးအသင်းကတော့ ၁၅ ပွဲကစား ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
ချဲလ်ဆီးအသင်းကတော့ ၁၅ ပွဲကစား ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပြီး ဘုန်းမောက်အသင်းကတော့ ၁၅ ပွဲကစား ရမှတ် ၁၃ မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။