A d v e r t i s e m e n t With Us

အနာဂတ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟု အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးငြိမ်း သန်းရွှေတို့ ၂၀၀၃ ခုနှစ် တွေ့ဆုံခဲ့စဉ်က
မြန်မာပြည်ရဲ့ အနာဂတ်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမှာကို အားလုံး လက်ခံရမယ့် အမှန်တရားပင်ဖြစ်တယ်လို့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောလိုက်ပါ တယ်။ ဒီဇင်ဘာ ၄ရက်က နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေအိမ်မှာ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးမှုအပြီး နှစ်ဘက်သဘောတူ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲမှာ တရားဝင် အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်ရဲ့ အနာဂတ် ခေါင်းဆောင်အဖြစ် အားလုံးက လက်ခံရမယ်လို့ ဦးသန်းရွှေက ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း "အနာဂတ်မြန်မာနိုင်ငံတော် အောင်မြင်စွာ တည်ထောင်နိုင်ရေးနှင့် တပ်မတော် အပါအဝင် အဖွဲ့အစည်းအားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးလို" ကြောင်း ကမ်းလှမ်းခဲ့တာကိုလည်း ပူးတွဲဖော်ပြပါတယ်။ တခြားလူမသိသေးတဲ့ နောက်ကွယ်က အကြောင်းကိုလည်း နေရွှေ့သွေးအောင်က  သူ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားရှင်းပြထားပါတယ်။ သူ့အဖိုးဟာ  ၂၀၁၁ မှာ တာဝန်တွေကနေ အနားယူစဉ်အချိန်ကတည်းကစလို့  နိုင်ငံရေးအုပ်ချုပ်မှုတွေမှာ  လုံးဝ မပတ်သက်တော့တဲ့အကြောင်း၊ ဒါပေမယ့် လက်ရှိအစိုးရခေါင်းဆောင်တွေက ဆရာသမားလို လေးစားရင်းစွဲ ရှိနေဆဲဖြစ်လို့  လူထုအများစု ချစ်ခင်လေးစားတဲ့ ဒေါ်အောင်ဆန်စုကြည်နဲ့ သူ့အဖိုးတို့ တွေ့ဆုံဖို့ အရေးကြီးတဲ့အကြောင်းကို အများနည်းတူ နားလည်ခဲ့တယ်လို့လည်း နေရွှေသွေးအောင်က ဆိုပါတယ်။ ဒါကြောင့် ဒီလို တွေ့ဆုံမှု ဖြစ်မြောက်အောင် သူ့စတင်ကြိုးပမ်းခဲ့တဲ့အကြောင်းကို  နေရွှေသွေးအောင်က  ရေးသားထားပါတယ်။ ဒီထဲမှာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ  ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ အကြောင်း၊ နောက်တရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေကို သူ့အဘိုးကို ပြောပြတဲ့ အကြောင်းတွေလည်း ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၂ ရက်က သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ သမ္မတနဲ့ တွေ့ဆုံခဲ့ရာမှာ မြန်မာပြည်မှာ အရင်ကအစဉ်အလာ မရှိခဲ့သေးတဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်တွေ စနစ်တကျ လွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်းတခုကို ထူထောင်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံအပြီး စစ်တပ်က သတင်းထုတ်ပြန်ချက်အရ ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားပြီး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။ အခု တွေ့ဆုံမှုတွေ အားလုံးဟာ ရွေးကောက်ပွဲကျင်းပအပြီး တလမပြည့်မီ ဖြစ်ထွန်းပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခွင့် အလားအလာကောင်းတွေလို့ သုံးသပ်ပြောဆိုနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up