Home
ဆောင်းပါး
အမြန်လမ်း လူ့အသက်တချောင်းနဲ့ ငွေ ၂၀၀၀
DVB
·
December 5, 2015
မနေ့တနေ့က အမြန်လမ်းပေါ်သွားတဲ့ ခရီးသည်တင်ကားတွေပေါ် ကုန်ပစ္စည်းတင်ဆောင်မောင်းနှင်ခြင်း မလုပ်ဖို့ သက်ဆိုင်ရာက ကြေညာချက်တစောင် ထုတ်တယ်။ ဒီ့မတိုင်မီက သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ခရီးသွားဟန်လွှဲ သူတွေ့မြင်ခဲ့ရတဲ့ ခရီးသည်တင်ကားပ်ါက ကုန်ပစ္စည်းတင်ဆောင်ထားပုံကို လူမှုကွန်ရက် အင်တာနက်စာမျက်နှာပေါ် တင်ခဲ့တယ်။ သက်ဆိုင်ရာဝန်ကြီးဌာနဟာ မပြေးသော်ကန်ရာရှိ ဦးရဲထွဋ်ပို့စ် တင်ပြီးခါမှ ကမန်းကတန်း ကြေညာချက် ထထုတ်ပုံပေါ်တယ်။ ဒီလို ကြေညာချက်တွေမထုတ်ခင် ခရီးသည်တင်ကားတစီး အမြန်လမ်းပေါ်မှောက်တော့ ကားဝမ်းဗိုက်ထဲမှာ တင်ဆောင်လာတဲ့ ငါးတွေ ထွက်ကျခဲ့ဖူးတယ်။ ၀န်ပိုတွေ မတန်တဆ တင်ဆောင်မောင်းနှင်လို့ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုတွေ အမှန်တယ် ဖြစ်ပွားခဲ့ပါတယ်။ ဒီသတင်းတွေကြားတော့ ကိုယ်တိုင် အမြန်လမ်းပေါ် ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံ ပြန်မျှဝေချင်လာတယ်။ နာမည်ကြီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ဖြတ်သန်းစီးနင်းပြီး ရန်ကုန်-နေပြည်တော် ခရီးထွက်မယ်လုပ်တော့ ကားလက်မှတ်ဝယ်ပေးတဲ့ တူသားကို ကားကောင်းကောင်း လက်မှတ်ဖြတ်ပေးဖို့ မှာရတယ်။ သူက တဦးကို ကျပ် ၉၀၀၀ ပေးရတဲ့ အထူးကားလက်မှတ် ဖြတ်လာတယ်။ မနက် ၇ နာရီ ရန်ကုန်က ကားစထွက်တော့ ကားပေါ်ထိုင်ရတာ သက်သာချောင်ချိတဲ့ အနေအထား တွေ့မြင်ရပြီး ထိုင်းမှာတောင် မကြုံဘူးတဲ့ ၀န်ဆောင်မှုတခု တွေ့ရတယ်။ အရင် အဝေးပြေးကားတွေစီးရင် ကားဒရိုင်ဘာ ကားပေါ်ဖွင့်တဲ့ ဗမာကားကို မကြည့်ချင်မြင်လျက်သား မသက်မသာ ခံစားရတယ်။ အခု အထူးကားပေါ်မှာ ကိုယ့်ထိုင်ခုံရှေ့က ထိုင်ခုံနောက်ကျောမှာ တက်ဘလက်တလုံး တပ်ထားပေးပြီး အဲ့ဒီမှာ ရုပ်ရှင်ဇာတ်ကားတချို့နဲ့ ဂိမ်းတွေ ထည့်ထားပေးတယ်။ ကိုယ်နှစ်သက်ရာကို နားကြပ်တပ်ပြီး ရွေးချယ်ကြည့်နိုင်တယ်။ ဒါ့အပြင် ကားပေါ် ၀န်ဆောင်မှုမှန်သမျှ မညံ့သလို သန့်ရှင်းသပ်ရပ်တယ်။ စီးနင်းလိုက်ပါလာကြတဲ့ ခရီးသည်အများစုကလည်း တိတ်တိတ်ဆိတ်ဆိတ် ရှိလှတယ်။ ကားမောင်းသူ ၂ ယောက်ဟာ တယောက်တလှည့်မောင်းသလို အရှိန်ကိုလည်း ပုံမှန်အရှိန်နဲ့ပဲ မောင်းနှင်ကြလို့ သူတို့ ကြိုအသိပေးထားသလို လမ်းမှာ နားချိန် နာရီဝက် အပါအ၀င် မွန်းလွဲ ၁၂ နာရီခွဲမှာ နေပြည်တော်ရောက်တယ်။ ဒီခရီးသည်တင်ယာဉ်လိုင်း မဆိုးဘူးဆိုပြီး အပြန်လည်း အဲ့ဒီလိုင်းမှာပဲ လက်မှတ်သွားဖြတ်တော့ လက်မှတ်ဈေးက တယောက် ကျပ် ၇၀၀၀ ဖြစ်နေတယ်။ မေးစမ်းကြည့်တော့ သူက အထူးကားထက် နည်းနည်းသေးတယ်။ ကျန်တဲ့ဝန်ဆောင်မှုတော့ အတူတူပါပဲလို့ ဖြေတယ်။ အတွေ့အကြုံရအောင် စီးကြည့်တာပေါ့ဆိုပြီး လက်မှတ်ဖြတ်လိုက်တယ်။ ထုံးစံအတိုင်း ညကား မစီးရဲလို့ မနက် ၇ နာရီကားပဲ ဖြတ်ခဲ့တယ်။ (နေပြည်တော်ရောက်တုန်း မေးကြည့်သမျှ အခု လူတွေက အမြန်လမ်းနဲ့ ခရီးထွက်ရမယ်ဆိုရင် ညကားမစီးကြတော့ဘဲ နေ့ခင်းကားတွေပဲ စီးကြလို့ ကားဂိတ်တွေကလည်း နေ့ခင်းကားတွေ တိုးဆွဲပေးနေရတယ်လို့ သိရတယ်၊ ကိုယ်တယောက်တည်း ကြောက်တာ မဟုတ်ဘူးပေါ့လေ)။ အပြန်ခရီးသည်တင်ကားက ထိုင်ရတာ သက်သောင့်သက်သာ မရှိသလို ကားရော ခရီးသည်တွေပါ သန့်ရှင်းသပ်ရပ်မှု အကြီးအကျယ် အားနည်းတယ်။ ကားဂိတ်ကထွက်လာပြီး လမ်းမှာတားတဲ့ ခရီးသည် တယောက်စ နှစ်ယောက်စလည်းတင်တယ်။ အဆိုးဆုံးကတော့ စားသုံးဆီပုံးတွ အမြောက်အမြား ကားဝမ်းဗိုက်ထဲ တင်ဆောင်မောင်းနှင်တာပါပဲ။ ကားမောင်းတာ မြန်သလို ရန်ကုန်ကို နာရီဝက်စောရောက်တယ်။ တလမ်းလုံး ဘုရားတ စီးခဲ့ရတယ်။ ပြောလိုရင်းကို ရောက်ပါပြီ။ ကိုယ်တွေ့အရ အမြန်လမ်းပေါ် ခရီးသည်တင်ကားနဲ့ ခရီးသွားမယ်ဆိုရင် ပိုက်ဆံ ၂၀၀၀ ကျပ်လောက်ကို မကြည့်ဘဲ ၀န်ဆောင်မှုကောင်းပြီး လုံခြုံတဲ့ ခရီးသည်ပဲ သီးသန့်တင်တဲ့ အထူးကားဆိုတာ စီးကြပါ။ လူ့အသက်တချောင်းနဲ့ ငွေ ၂၀၀၀ မလဲကောင်း၊ မလဲသင့်ကြပါဘူး။ အခု အမြန်လမ်းသွား ခရီးသည်တင်ကားတွေပေါ် ကုန်မတင်ရဆိုတဲ့ကိစ္စက တော်တော်နဲ့ ပြေလည်မယ့်ပုံ မရှိပါဘူး။ လိုင်းကားဘက်က ပြောကြားချက်အရ သူတို့မှာ အမြင့်ကားလိုင်းနဲ့ အနိမ့်ကားလိုင်းဆိုပြီး ၂ မျိုးရှိတယ်။ အမြင့်ကားလိုင်းက ပိုက်ဆံပိုယူထားလို့ ကုန်မတင်ဘူး။ အနိမ့်ကားတွေက ကုန်မတင်ရင် တွက်ခြေမကိုက်ဘူး။ ဒီလိုဖြစ်ပြီး အမြန်လမ်းဘက်က ကုန်တင်ချင်ရင် အစကတည်းက ကုန်တင်လိုင်စင်နဲ့ ကုန်တင်မောင်း၊ ခရီးသည်တင်လိုင်စင်လုပ်ပြီး ကုန်တင်ရင်တော့ လူ့အသက်အန္တရာယ် မဖြစ်အောင် တားရမှာပဲ။ ဒီလိုအနေအထားဖြစ်ပြီး အမြန်လမ်း တာဝန်ရှိသူတွေနဲ့ ယာဉ်လိုင်းပိုင်ရှင်တွေ ညှိနှိုင်းအဖြေရှာကြဖို့ ရှိတယ်လို့လည်း ကြားပါတယ်။ လတ်တလောကတော့ တိုင်းပြည်အနေအထားအရကို ကိုယ့်အသက် ကိုယ်စောင့်ရှောက်ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ကိုရွှေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024