နှိပ်စက်ခံကလေး မောင်ထိပ်ကွက်အမှု ဇူလိုင် ၁၃ ရက် အမိန့်ချမည်
နော်နိုရင်း
·
July 11, 2011
ဧရာဝတီတိုင်း ဟင်္သာတမြို့က ၉ နှစ်အရွယ် မိဘမဲ့ကလေးငယ် မောင်ထိပ်ကွက် (ခေါ်) စိုးထက်အောင် အပြင်းအထန် နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး ဒီနေ့ နှစ်ဖက်စလုံးရဲ့ အပြီးသတ်လျှောက်လဲချက်ကို ကြားနာခဲ့ပါတယ်။
[caption id="attachment_12556" align="alignleft" width="310" caption="မောင်ထိပ်ကွက် (ခေါ်) စိုးထက်အောင်"][/caption]
လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ တရားရုံးကနေ အမိန့်ချမှတ်မယ်လို့ မောင်ထိပ်ကွက်ဘက်က နိုင်ငံတော်ရှေ့နေ လိုက်ပေးတဲ့ ဦးမောင်မောင်ကြည်ဝင်းက ပြောပါတယ်။
တရားရုံးက အမိန့်ချမှတ်တဲ့အပေါ်မှာ မူတည်ပြီး ခရိုင်တရားရုံးကို ဆက်တက်သင့် မသင့် ဆုံးဖြတ်မယ်လို့ ဦးမောင်မောင်ကြည်ဝင်းက ပြောပါတယ်။
“အမှုအခြေအနေကတော့ လျှောက်လဲချက် ပေးထားတဲ့ အဆင့်ပါပဲ။ တရားခံဘက်ကလည်း သူ့တရားခံ သက်သာဖို့အတွက်ကို ဆောင်ရွက်ပေးနေတာ။ ဒါပေမယ့် ဥပဒေနဲ့အညီ ပြစ်ဒဏ်ကျခံနိုင်ရေးကို ကျနော်တို့ ဥပဒေရုံးအနေနဲ့ ဆောင်ရွက်နေပါတယ်။ ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်လို့ ကျနော်တို့ သဘောမတူတဲ့ဘက်က (နိုင်ငံတော်ဘက်က) ဥပဒေရုံးကနေပြီး ပြစ်ဒဏ်နဲ့ပတ်သက်လို့ နည်းတယ်လို့ ယူဆရှိရင် အထက်ရုံးကို ပြင်ဆင်မှုတက်ပါမယ်။ တကယ်လို့ တရားခံဘက်က များတယ်လို့ ယူဆရင် သူက ခရိုင်ရုံးကို အယူခံတက်ပါလိမ့်မယ်။”
မိဘမဲ့ကလေး မောင်ထိပ်ကွက်ဟာ you and me လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးအဖြစ်လုပ်ကိုင်ပြီး ဆိုင်ရှင်သမက် ကိုစနိုးက ကြိုးတုပ်ရိုက်နှက်၊ မီးပူနဲ့ ကိုယ်လုံးတွေကို ကပ်လို့ ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။
ဒီကိစ္စမှာ ကိုစနိုးရဲ့ ဇနီးသည်ပါ ပါဝင်တယ်လို့ ကာယကံရှင် ကလေးငယ်က ပြောပါတယ်။
သူ့အတွက် အမှတ် (၁) ရဲစခန်းက တရားလိုအဖြစ် အမှုဖွင့် ဆောင်ရွက်ခဲ့တာဖြစ်ပြီး နှိပ်စက်သူ ကိုစနိုးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှုနဲ့ ပုဒ်မ ၃၄၂ မတရားချုပ်နှောင်မှု စတဲ့ ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
အခုလ ၄ ရက်နေ့က အမှု စတင်စစ်ဆေးခဲ့တာ ဖြစ်ပြီး ဒီနေ့မှာတော့ နောက်ဆုံး အပြီးသတ် လျှောက်လဲချက်ပေးပြီး လာမယ့် ၁၃ ရက်နေ့ အမိန်ချမှတ်ဖို့ ချိန်းဆိုထားတာ ဖြစ်ပါတယ်။