နားမကြားသူနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်မည့် ကိရိယာ (ရုပ်သံ)

1K
တက္ကဆက် A&M တက္ကသိုလ်မှာ တီထွင်နေတဲ့ ၀တ်ဆင်နိုင်တဲ့ နည်းပညာသစ်ကျေးဇူးကြောင့် ခြေဟန် လက်ဟန်ဘာသာစကားကိုသုံးရတဲ့ နားမကြားသူတွေနဲ့ ဒါကိုနားမလည်တဲ့ လူကောင်းတွေအကြား ဆက်သွယ်ရေးအခက်အခဲဟာ မကြာခင်မှာပဲ အဆုံးသတ်သွားတော့မှာပါ။
ဒီကိရိယာမှာ လက်ဟန် ရွှေ့လျားပုံတွေကိုမှတ်တမ်းတင်မယ့် ဆင်ဆာစနစ်ပါဝင်သလို လက်ဟန်နဲ့ အချက်ပြဆက်သွယ်နေစဉ်မှာ လက်ကောက်ဝတ်ကြွက်သားတွေက ထုတ်လွှတ်လိုက်တဲ့ လျှပ်စစ်အချက်ပြတွေကို ဖမ်းယူတဲ့ EMG ဓာတ်မှန်စနစ်လည်းပါပါတယ်။
တီထွက်ရာမှာပါဝင်တဲ့ ရုဇဘက် ဂျက်ဖရီက "ကျနော်တို့က လက်ကောက်ဝတ်ကနေ ဖမ်းယူရရှိတဲ့ ကြွက်သားလှုပ်ရှားမှုတွေကို အဓိပ္ပာယ်ဖော်ပါ တယ်။ အဲဒီအချက်ပြတွေထဲက အချို့ဟာ လက်ချောင်းတွေဆီက ရောက်လာတာပါ။ ဘာလို့လဲဆိုတော့ ဒါနဲ့အပြိုင် လက်သီးကို ဟောဒီအတိုင်းဆုပ်ထားရင် ကြွက်သားလှုပ်ရှားမှုက အနည်းငယ်ခြားနားသွား မှာမို့လို့ပါ။"
ဒီခြားနားချက်တွေဟာ သုတေသနပညာရှင်တွေအဖို့ အကြီးမားဆုံးစိန်ခေါ်မှုပါပဲ။ ဒီလိုခြားနားတဲ့ အချက်ပြအသီးသီးကို အတိအကျဖမ်းယူပြီး အချိန်နဲ့တပြေးညီ ဘာသာပြန်ပေးနိုင်အောင် ဒီကိရိယာကို ချိန်ညှိဖို့ဆိုရင် ခေတ်မီဆန်းပြားတဲ့ အယ်လဂိုရီသမ်စနစ်လိုအပ်ပါတယ်။
နောက်တခုက လူတဦးနဲ့တဦး လက်ဟန်အချက်ပြပုံချင်း တထပ်တည်းမတူနိုင်တဲ့ ပြဿနာပါ။ ဒါကြောင့်မို့ သူတို့က user ဆီကနေ ပြန်လည်သင်ယူမယ့်စနစ်ကို ဒီဇိုင်းထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
"ဒီကိရိယာကို ပထမဆုံးအကြိမ်စ၀တ်ချိန်မှာ သူအလုပ်လုပ်ပုံက အတိုင်းအတာတခုထိပဲ တိကျမှာပါ။ ဒါပေမယ့် ဒီကိရိယာကို မကြာခဏ သုံးလာရင်တော့ သူက ခင်ဗျားရဲ့အမူအကျင့်ကို သင်ယူပြီး ခင်ဗျားနဲ့ကိုက်ညီမယ့် ကိုယ်ပိုင်နားလည်မှုစနစ်အဖြစ် ချိန်ညှိပေးလိုက်မှာဖြစ်ပါတယ်။"
ရှေ့ဆက်ပြီး သူတို့အဖွဲ့ဟာ အသုံးပြုရဲ့ လက်ကောက်ဝတ်မှာ လက်ပတ်နာရီလို ၀တ်လို့ရတဲ့ထိ ကိရိယာရဲ့အရွယ်အစားကို ချုံ့ပစ်ဖို့၊ စကားလုံးလောက်နဲ့အနက်ဖော်တဲ့အစား ၀ါကျအပြည့်အစုံ အနက်ဖော်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
သုတေသနပညာရှင်တွေဟာ ဒီကိရိယာမှာ တုပထားတဲ့ အသံထွက် စပီကာထည့်သွင်းဖို့နဲ့ အဆင့်မြှင့်ဖို့လည်း ဆန္ဒရှိနေကြပါတယ်။ ဒါမှသာ တကမ္ဘာလုံးက သန်း ၇၀ သော နားမကြားသူတွေအဖို့ ဆန်းသစ်တဲ့အသံတခုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။