Home
မြန်မာသတင်း
ရဲနှစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် တရားခံကို သေဒဏ်ချမှတ်
နော်နိုရင်း
·
December 4, 2015
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ထိုးသတ်မှုနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ တရားခံ ဦးတင်မြင့်ကို ရန်ကုန် သန်လျင်မြို့နယ်တရားရုံးက ဒီဇင်ဘာ ၄ ရက်မှာ သေဒဏ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။ သန်လျင်ရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ်မောင်မောင်သန်းက “ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁ခ) အရ သေဒဏ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအားနာကျင်စေမှု) အရ ထောင်ဒဏ် ၃ နှစ်၊ အဲဒီပြစ်ဒဏ်နှစ်ခုကို သီးခြားစီချလိုက်တယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁) မှာ မည်သူမဆို တသက်တကျွန်းဒဏ် စီရင်ခံရသည့်အတွင်း သို့မဟုတ် တင်ကူးကြံရွယ်ချက်ဖြင့် သို့မဟုတ် ၇ နှစ်ထိ ထောင်ဒဏ်ခံ ထိုက်တဲ့ ပြစ်မှုကျူးလွန်နေစဉ် လူသတ်မှု ထပ်ကျူးလွန်ပါက သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။ ဓားထိုးမှုကြောင့် ၀ရမ်းပြေးအဖြစ် ပုန်းရှောင်နေတဲ့ တရားခံပြေး ဦးတင်မြင့်ကို ရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ သဘာဝအလှ တည်းခိုခန်းမှာ သွားရောက်ဖမ်းဆီးစဉ် ဓားနဲ့ ပြန်လည်ထိုးခဲ့လို့ ရဲအုပ်အောင်နိုင်နဲ့ ရဲတပ်ကြပ် သူရလွင်တို့ ၂ ဦးစလုံး သေဆုံးခဲ့တာပါ။ တရားခံပြေး ဦးတင်မြင့်ဟာ ၂၀၁၂ ခုနှစ်မှာ ထောင် ၁၀ နှစ် ကျခံခဲ့ရပြီးနောက် သမ္မတရဲ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024