Home
ဆောင်းပါး
သွေးနဲ့ရေးထားတဲ့ အာဏာလွှဲပြောင်းရေး
DVB
·
December 4, 2015
မြန်မာပြည်မှာ တာဝန်အကြီးဆုံး ခေါင်းဆောင်သုံးဦးတို့ ၂-၁၂-၂ဝ၁၅ နေ့က တွေ့ဆုံကြအပြီးမှာ အေးချမ်းတည်ငြိမ် ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေးနှင့် နိုငံတော်အကြီးအကဲတာဝန်များ စနစ်တကျ တာဝန်လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတခု ထူထောင်နိုင်ရေးလို့ မြန်မာ့အလင်းသတင်းစာက ခေါင်းစီးပေးထားပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ တိုင်းပြည်အချုပ်အခြာအာဏာကို လွှဲပြောင်းနည်းတွေက သွေးလွှမ်းခဲ့ ကြမ်းတမ်းခဲ့တာ အမှန်ပါ။ ဘုရင်တွေလက်ထက်မှာ ခမည်းတော် နတ်ရွာစံရင် သားတော်အကြီးက ထီးနန်းဆက်ခံတဲ့ အစဉ်အလာ ရှိခဲ့တယ်။ ဒါပေမယ့် ဖခင်ကိုလုပ်ကြံပြီး နန်းတက်တဲ့သားတော်တွေက အတော်များတယ်။ ပုန်ကန်မှုနဲ့ တက်လာနိုင်တာလည်းရှိတယ်။ တိုက်ယူသိမ်းပိုက်တာလည်း ရှိခဲ့ပါတယ်။ အဆိုးဆုံးတွေထဲက တခုကတော့ သီပေါမင်း အာဏာရလာခြင်းပါပဲ။ မြန်မာ့စွယ်စုံကျမ်းမှာ မင်းညီမင်းသား ၄ဝ ကျော်တို့အား ရွှေလွှတ်တော်အမိန့်မပါဘဲ လက်သုံးတော်တို့က ကွပ်မျက်လေသည်လို့ ရေးထားတယ်။ ၁၉-၇-၁၉၄၇ နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတော့ မြန်မာနိုင်ငံသား ခေါင်းဆောင်နေရာမှာ အသက်ဝါအကြီးဆုံး ဦးနုကို တင်တယ်။ ၄-၁-၁၉၄၈ နေ့မှာ လွတ်လပ်ရေးရတော့ ဦးနုက ပထမဆုံးဝန်ကြီးချုပ်ဖြစ်တယ်။ ၁၉၅၆ မှာ ဖဆပလခေါင်းဆောင် ဦးဗဆွေကို သူ့သဘောနဲ့ ဝန်ကြီးချုပ်တာဝန်ကို လွှဲပေးခဲ့တယ်။ ၁၉၅၆ ဇွန်လကနေ ၁၉၅၇ ဇူလိုင်လအထိ ကြာတယ်။ ဦးနုက ရွေးကောက်ပွဲနဲ့ ဝန်ကြီးချုပ် ပြန်ဖြစ်တယ်။ ၂၆-၉-၁၉၅၈ နေ့မှာတော့ ဦးနုကနေ ဗိုလ်ချုပ်ကြီးနေဝင်းကို အိမ်စောင့်အစိုးရတာဝန် လွှဲပေးလိုက်တယ်။ အဲလိုလုပ်နိုင်ဖို့ ဖွဲ့စည်းပုံကို အရင်ပြင်တယ်။ ဗိုလ်ချုပ်နေဝင်းက ၂၇-၁ဝ-၁၉၅၈ နေ့မှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတယ်။ ၁၉၆ဝ ဖေဖော်ဝါရီလထဲမှာ ရွေးကောက်ပွဲ ကျင်းပတယ်။ ဦးနုရဲ့ သန့်ရှင်းဖဆပလက အပြတ်အသတ် အနိုင်ရပြီး ၄-၄-၁၉၆ဝ နေ့မှာ ဦးနုက ဝန်ကြီးချုပ် ပြန်ဖြစ်လာတယ်။ ၂-၃-၁၉၆၂ နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်အာဏာသိမ်းလိုက်တယ်။ ၁၉၇၂ ဧပြီလထဲမှာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင် အတော်မျာများ စစ်ယူနီဖောင်းချွတ်ပြီး (မဆလ) ပါတီခေါင်းဆောင်တွေ လုပ်လိုက်ကြတယ်။ ၁၉၇၄ ဇန်နဝါရီလမှာ ဖွဲ့စည်းပုံအသစ်ပြဋ္ဌာန်း၊ တပါတီရွေးကောက်ပွဲတွေလုပ်တယ်။ သမ္မတနာမည်တွေ ၄ နှစ်တခါ ပြောင်းပေမယ့် တကယ့်အာဏာဟာ ပါတီဥက္ကဋ္ဌ ဦးနေဝင်းလက်ထဲမှာသာ ကိုင်ထားတယ်။ ၁၈-၉-၁၉၈၈ နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်ပြီး (နဝတ) စစ်အာဏာသိမ်းတယ်။ ၂၃-၄-၁၉၉၂ နေ့မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီးသန်းရွှေက အာဏာယူလိုက်တယ်။ ၂၄-၁ဝ-၂ဝဝ၇ နေ့မှာ ဗိုလ်ချုပ်ကြီးစိုးဝင်း သေဆုံးတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ယာယီဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခန့်တယ်။ ၂၉-၄-၂ဝ၁ဝ နေ့မှာ ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တပ်မတော်ထိပ်တန်းအရာရှိကြီး ၂၂ ယောက် စစ်တပ်ကနေ အနားယူကြတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရလို့ ၄-၂-၂ဝ၁၁ နေ့မှာ ဦးသိန်းစိန် သမ္မတ ဖြစ်လာတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် တပ်မတော်အရာရှိကြီး ၁ဝဝ ဝန်းကျင် အနားယူပြီး ပြည်ခိုင်ဖြိုးကနေ အရွေးခံကြတယ်။ ၈-၁၁-၂ဝ၁၅ နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီက အပြတ်အသတ် အနိုင်ရထားတယ်။ မင်းသွေးနဲ့ စစ်သွေးတွေသာ အာဏာဆက်ခံတဲ့ ခေတ်ဆိုးတွေ ကုန်ဆုံးပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၃-၁၂-၂ဝ၁၅
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024