ယှဉ်ပြိုင်မှုဥပဒေ နောက်အစိုးရအကျပ်တွေ့အောင် လုပ်ဟု စွပ်စွဲ

3.1K
သမ္မတဦးသိန်းစိန်က ယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၇ ခုနှစ်ကျမှ အာဏာတည်ဖို့ သတ်မှတ်ထုတ်ပြန်လိုက်တာဟာ သဘောရိုးနဲ့ မဟုတ်ဘဲ နောက်အစိုးရ အကျပ်တွေ့အောင် လုပ်တာလို့ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေက စွပ်စွဲပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးအမိန့်ကြော်ငြာစာထဲမှာ ၂၀၁၅ ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ ယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်ကျမှ အာဏာတည်စေရမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
အဲ့ဒီယှဉ်ပြိုင်မှု ဥပဒေဟာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ တဦးတယောက် တစုတဖွဲ့က လက်ဝါးကြီးအုပ် ဈေးကစားပြီး အများပြည်သူနစ်နာအောင် မလုပ်နိုင်ဖို့ တားဆီးကာကွယ်ထားတဲ့ ဥပဒေ ဖြစ်ပါတယ်။
ဒါ့အပြင် ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းကို အလွဲသုံးစား မလုပ်နိုင်အောင် ရည်ရွယ်ပြဋ္ဌာန်းတာလည်း ဖြစ်ပါတယ်။
လုပ်ငန်းနယ်ပယ်အသီးသီးမှာ လွတ်လပ်ပြီး မျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်ထွန်းပေါ်ပေါက်စေဖို့ အခြေခံမူချမျတ်ပြဋ္ဌာန်းတာလို့လည်း ဆိုပါတယ်။
မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကတော့ ၂၀၁၇ ကျမှ ဥပဒေ အသက်ဝင်စေလို့ သမ္မတက လုပ်ပိုင်ခွင့် ရှိပေမယ့် မလုပ်အပ်ဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
“ငါတို့ကတော့ဟေ့ ဇေကမ္ဘာတို့၊ စကိုင်းနက်တို့နဲ့ ထင်တိုင်းကြဲ ထင်ရာလုပ်ခဲ့ကြပြီးတော့မှ နောက်အစိုးရကျ ဒါမျိုး မလုပ်ရဘူးဆိုတာ ဒါ သူ့အလုပ် မဟုတ်ပါဘူး။ ဒါ သဘောရိုးလို့လည်း မထင်ဘူး၊ ငါတို့ကတော့ ခရိုနီတွေနဲ့ပေါင်းပြီး စားထား ၀ါးထားပြီးပြီ၊ နောက်လူတွေ အဲ့ဒီလို မရဘူးလို့ လုပ်ရာ မကျဘူးလားဗျာ။”
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ယှဉ်ပြိုင်မှုဥပဒေဟာ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်တာကို ကန့်သတ်တားမြစ်ထားတဲ့ ဥပဒေတရပ်ဖြစ်ပြီး သတ်မျတ်ချက်တွေ ကျုးလွန်ဖောက်ဖျက်ရင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ဒဏ်ငွေ ကျပ်သိန်း ၁၅၀ သို့မဟုတ် ဒဏ် ၂ ရပ်စလုံး ချမျတ်နိုင်ပါတယ်။