နိုင်ငံရေး အကျဉ်းသူ တဦး ကျန်းမာရေး စိုးရိမ်ရ
အေးနိုင်
·
July 11, 2011
ဖခင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မိသားစုအလိုက် ထောင်ကျခံနေရတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အမတ် ဦးကျော်မင်းရဲ့ သမီးကြီး မခင်ခင်နုဟာ အင်းစိန်ထောင်တွင်း ဆေးရုံမှာ တက်ရောက် ကုသနေရပါတယ်။
[caption id="attachment_12543" align="alignleft" width="310" caption="အင်းစိန်ထောင်(ဓာတ်ပုံ-အေအက်ဖ်ပီ)"][/caption]
အင်းစိန်ထောင်နဲ့ နီးစပ်သူတဦးက “မခင်ခင်နုက အသည်းရောင် အသားဝါ စီပိုးဖြစ်တယ်လို့ ပြောတယ်။ အင်းစိန်ထောင်ဆေးရုံမှာပဲ။ အခြေအနေ မကောင်းဘူးလို့ ပြောတယ်ခင်ဗျ။ ရေတောင်မှ မဝင်ဘူးလို့ ပြောတယ်ခင်ဗျ။ သုံးလေးရက်ရှိနေပြီခင်ဗျ” လို့ ပြောပါတယ်။
မခင်ခင်နုဟာ စစ်အစိုးရက ပညာတတ်ဖခင် ဦးကျော်မင်းရဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေကို အငြိုးအတေးထားပြီး မိသားစုလိုက် ပြစ်ဒဏ်စီရင်ရာမှာ ထောင်ဒဏ် စီရင်ခံရသူတဦး ဖြစ်ပါတယ်။
အမျိုးသားလူ့အခွင့်အရေးနဲ့ ဒီမိုကရက်ပါတီဝင် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် အမတ် ဦးကျော်မင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင် အဖြစ်ကနေ နုတ်ထွက်ပြီး အမျိုးသားညီလာခံကို တက်ရောက်ဖို့ အာဏာပိုင်တွေက ဖိအားပေးတာကို ငြင်းဆန်ခဲ့ပြီး နောက်မှာ သူ့ကို ၂၀၀၅ ခုနှစ် မတ်လမှာ ဖမ်းဆီးခဲ့သလို သူ့ဇနီး ဒေါ်ကေသီဇာနဲ့သား ကိုအောင်နိုင်၊ သမီးကြီး မခင်ခင်နု၊ သမီးငယ် မဝေဝေနုတို့ကို အဲဒီနှစ်မေလမှာ ဖမ်းဆီးခဲ့ပါတယ်။
ဖခင်ဦးကျော်မင်းကို လဝက အက်ဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော်လုံခြုံရေး အက်ဥပဒေတွေနဲ့ ထောင်ဒဏ် ၄၇ နှစ်စီရင်ခဲ့သလို ဇနီးနဲ့သားသမီး ၃) ဦးကိုလည်း လဝက အက်ဥပဒေပုဒ်မ (၁၈) နဲ့ ထောင်ဒဏ် ၁၇ နှစ်စီရင်ခဲ့ပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတာဖြစ်ပါတယ်။
ဦးကျော်မင်းဟာ နိုင်ငံသားတွေကို သာခွင့်ပြုတဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ဘွဲ့ရသလို ရန်ကုန်ပညာရေးတက္ကသိုလ်ကပါ ဘီအီးဒီဘွဲ့ လက်မှတ်ရခဲ့သူ ဖြစ်ပါတယ်။
သူဟာ မြို့နယ်လက်ထောက်ပညာရေးမှူး၊ အလယ်တန်းကျောင်းအုပ်ကြီး စတဲ့ တာဝန်တွေကို ထမ်းခဲ့ဖူးသူ ဖြစ်ပေမယ့် တရားရုံးက လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ စွဲဆိုပြစ်ဒဏ်ချထားတာ ဖြစ်ပါတယ်။