A d v e r t i s e m e n t With Us

အမေရိကန် လူမှုရေးစင်တာကို သေနတ်သမား ၂ ဦး ပစ်ခတ် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဘာနာဒီနိုမြို့မှာ ဒီဇင်ဘာ ၂ ရက်နေ့က လက်နက်အပြည့်အစုံနဲ့ သေနတ်သမား ၂ ဦးက လူမှုရေးစင်တာတခုကို ၀င်ရောက်ပစ်ခတ်လို့ လူ ၁၄ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိသွားပါတယ်။ သေနတ်သမားတွေဟာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ဖြစ်ပြီး သူတို့ပစ်ခတ်ခဲ့တဲ့နေရာနဲ့ ၂ မိုင်အကွာမှာ ရဲတပ်ဖွဲ့ဝင်တွေက အသေပစ်သတ်လိုက်ကြပါတယ်။ ရိုင်ဖယ်သေနတ်ရှည်တွေ၊ သေနတ်တိုတွေ၊ တိုက်ခိုက်ရေးဝတ်စုံ အပြည့်အစုံနဲ့ အစည်းအဝေးလုပ်နေတဲ့ လူမှုရေးစင်တာတခုမှာ ၀င်ရောက်ပစ်ခတ်ခဲ့ကြတာပါ။ ပစ်ခတ်မှုအပြီး ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီ ဆန်ဘာနာဒီနိုမြို့တွင်း သေနတ်သမားတွေကို ရှာဖွေခဲ့ကြပြီး မြို့တခုလုံးကိုလည်း ပိတ်ဆို့ထားခဲ့တာပါ။ အကြမ်းဖက်မှုအဖြစ်လည်း အက်ဖ်ဘီအိုင် ထောက်လှမ်းရေးက သတ်မှတ်ထားပြီး အသေးစိတ် စုံစမ်းမှုတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ စစ်ဆင်ရေးထွက်လာသလို ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်လာပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆန်ဘာနာဒီနိုမြို့ နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ ပစ်ခတ်ခဲ့တဲ့နေရာနဲ့ ၂ မိုင်အကွာ ကားလမ်းမပေါ်မှာ သေနတ်သမားတွေ စီးနင်းလာတဲ့ကားကို နောက်ယောင်ခံမိပြီး ရဲတပ်ဖွဲ့က အပြတ်ချေမှုန်းခဲ့ကြတာပါ။ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကတော့ ဒီလိုပစ်ခတ်မှုတွေဟာ ပုံမှန်ကိစ္စတခုလို့ သဘောထားလို့ မရတော့ဘူး၊ အခုလိုပစ်ခတ်မှုမျိုးတွေ လုံးဝပျောက်သွားအောင်တော့ လုပ်လို့မရပေမယ့် ဒီလိုပစ်ခတ်မှုတွေကို အကြိမ်အရေအတွက် လျှော့ချနိုင်မယ့် နည်းလမ်းတွေတော့ ရှိတယ်လို့ ပြောပါတယ်။ ၂၀၁၂ ခုနှစ်က ကွန်နက်တီကတ်ပြည်နယ်မှာ လူ ၂၆ ဦး သေဆုံးတဲ့ ပစ်ခတ်မှုအပြီး ဒီပစ်ခတ်မှုဟာ လူသေဆုံးမှုအများဆုံး လူအစုလိုက် အပြုံလိုက် ပစ်ခတ်ခံရမှု ဖြစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up