A d v e r t i s e m e n t With Us

အိုင်အက်စ်နှင့် ရေနံမှောင်ခိုလုပ်ငန်းတွင် တူရကီသမ္မတ ပါဝင်ပတ်သက်ဟု ရုရှားပြော

ရုရှားစစ်ဘက်အရာရှိများ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
တူရကီသမ္မတ အာဒိုဂံ (Erdogan) ဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ တရားမ၀င် ရေနံမှောင်ခိုလုပ်ငန်းမှာ တိုက်ရိုက်ပါဝင်ပတ်သက်ပြီး အထောက်အထားနဲ့ သက်သေပြနိုင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂ ရက်နေ့က ပြောပါတယ်။ တူရကီနိုင်ငံဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံက ခိုးထုတ်လာတဲ့ ရေနံတွေကို အများဆုံး ၀ယ်ယူတဲ့နိုင်ငံ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဒု-၀န်ကြီးက ဒီဇင်ဘာ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ တူရကီသမ္မတကတော့ ရုရှားနိုင်ငံအနေနဲ့ အခုလို စွပ်စွဲခွင့်မရှိဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။ ရုရှားဗုံးကြဲလေယာဉ် တူရကီနယ်စပ်မှာ ပစ်ချခံရပြီးကတည်းက ရုရှားနဲ့ တူရကီနိုင်ငံတို့ တဘက်နဲ့တဘက် အပြင်းအထန် ပြစ်တင်စွပ်စွဲနေကြတာပါ။ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ ရေနံတင်ပို့မှုကို ကာကွယ်ဖို့ ရုရှားဗုံးကြဲလေယာဉ်ကို ပစ်ချခဲ့တာလို့ ရုရှားသမ္မတ ပူတင်က တူရကီနိုင်ငံကို စွပ်စွဲခဲ့ပြီးဖြစ်ပါတယ်။ အိုင်အက်စ်ထိန်းချုပ်နယ်မြေတွေထဲက ရေနံတင်ဗောက်ဆာကားတွေ တူရကီနိုင်ငံထဲ ၀င်ရောက်နေပုံတွေကို ဂြိုဟ်တုက ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပါတယ်။ ဆီးရီးယား ရေနံချက်စက်ရုံတွေ အပါအ၀င် နေရာ ၃ နေရာက ရေနံတင်ကားတွေ တူရကီနိုင်ငံထဲ ၀င်ရောက်နေပြီး အဲ့ဒီကနေမှ တတိယတနိုင်ငံကို ဆက်လက်ရောင်းချတယ်လို့ ရုရှားနိုင်ငံက ဆိုပါတယ်။ တူရကီသမ္မတကတော့ အထောက်အထားနဲ့ ပြနိုင်ရင် ရာထူးက နုတ်ထွက်မယ်လို့ ပြောဆိုထားတာပါ။ အမေရိကန်အာဏာပိုင်တွေကလည်း အိုင်အက်စ်အကြမ်းဖက် ရေနံမှောင်ခိုလုပ်ငန်းမှာ တူရကီနိုင်ငံသားတွေက ကြားခံအဖြစ် ဆောင်ရွက်နေတယ်ဆိုတာကို တွေ့ရှိထားတယ်လို့ ပြောဆိုထားပါတယ်။ တူရကီနိုင်ငံကလည်း ဒီရေနံမှောင်ခိုရောင်းဝယ်မှုကို နှိမ်နင်းမယ်လို့ ကတိပေး ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up