A d v e r t i s e m e n t With Us

စာချုပ်တွေထက် တကယ့်လက်တွေ့ကျကျ အပစ်ရပ်ဖို့က ပိုအရေးကြီးတယ် – ချစ်သုဝေ

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို အဆိုတော် သရုပ်ဆောင် ချစ်သုဝေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက သွားရောက်ကူညီနေပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန်ကနေ စတင်ထွက်ခွာကြတာဖြစ်ပြီး ဒီကနေ့မှာတော့ လားရှိုးမြို့နယ်အတွင်းက ၀မ်ဝနဲ့ ဟိုင်ပါဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီမှာ ဖြစ်ပါတယ်။ ၀မ်ဝဒုက္ခသည်စခန်းမှာ စစ်ပြေးဒုက္ခသည် ၁၂၀၀ ကျော်ရှိပြီး ဟိုင်ပါ ဒုက္ခသည်စခန်းမှာတော့ လူပေါင်း ၂၀၀၀ နီးပါး ရှိနေပါတယ်။ အဆိုတော် သရုပ်ဆောင် ချစ်သုဝေ အနေနဲ့ စစ်ပြေးဒုက္ခသည်တွေဆီကို အခုလို ကူညီတာ ပထမဆုံးအကြိမ်ဖြစ်ပြီး အဓိက အမျိုးသမီးနဲ့ကလေးတွေကို အားပေးမယ်လို့ ပြောပါတယ်။ အဆိုတော် သရုပ်ဆောင် ချစ်သုဝေကို ဆက်သွယ်မေးမြန်းထားပါတယ်။ မချစ်သုဝေအနေနဲ့ စစ်ရှောင်ဒုက္ခသည်စခန်းတွေအထိ သွားပြီးတော့ ဘာကြောင့် ကူညီရတာလဲ။ “အဲဒီဘက်မှာ စစ်တွေဖြစ်တော့ အဓိက အမျိုးသမီးနဲ့ ကလေးတွေပဲ ထိခိုက်ခံစားနေကြ ရတယ်လေ။ အဲတော့ ထရီဇာ တတ်နိုင်တဲ့ဘက်ကနေ ကူညီချင်တယ်။ ငွေကြေးအားဖြင့်ကော၊ အချိန်တွေလည်း ပေးချင်တယ်။ သူတို့တွေကို သွားပြီးတော့ အားပေး နှစ်သိမ့်ချင်တယ်။ အဲဒီရည်ရွယ်ချက်ပါပဲ။” ကိုယ့်ဘာသာကိုယ် တသီးပုဂ္ဂအနေနဲ့သွားတာလား။ အဖွဲ့ကိုယ်စားပြုအနေနဲ့ သွားတာလား။ “တသီးပုဂ္ဂလပါပဲ။ သမီးသွားချင်စိတ်ရှိတယ်။ အဲဒါနဲ့ ထစီစဉ်ပြီးတော့ ကိုယ့်အလှူငွေလေး ကိုယ်ထူကိုယ်ထ အလှူငွေလေးနဲ့ စ မတည်ပြီး သွားမယ်ပေါ့။ သွားမယ်ဆိုတော့ သွားဖို့ ခက်ခဲနေကြတဲ့၊ မအားကြတဲ့ လှူဒါန်းချင်ပေမယ့် မအားကြတဲ့ တချို့သူငယ်ချင်းတွေ ထည့်ပေးလိုက်တဲ့ အလှူငွေလေးတွေလည်း ပါလာတယ်။ အဲတော့ ပစ္စည်းလည်း ပိုများများလေး ၀ယ်နိုင်တယ်ပေါ့နော်။” အကူအညီပေးဖို့ ကိုယ်တိုင် ဒုက္ခသည်စခန်းတွေအထိသွားတာ ဒါ ပထမဆုံးအတွေ့အကြုံလား။ “ဟို ရေဘေးတို့၊ နာဂစ်မုန်တိုင်းဘေးတုန်းကတော့ ကိုယ်က သွားနေကျပေါ့။ ပြီးတော့ မိဘာမဲ့ကလေးတွေဆီတို့ကျတော့ ထရီဇာသွားနေကျ ဖြစ်တယ်ပေါ့။ စစ်ဘေးရှောင်စခန်းအနေနဲ့ကတော့ ဒါ ပထမဦးဆုံးဖြစ်တယ်။ စစ်ဘေးရှောင်စခန်းတွေကို အမြဲတမ်း သွားချင်ခဲ့တယ်။ အခက်အခဲတွေကြောင့် မသွားဖြစ်ဘူး။ အခုတော့ ဒီဘက်က သွားနေတဲ့ ကိုအောင်ကော်ျတို့ဘက်က အချိတ်အဆက်ကလေးတွေ ရှိတယ်ဆိုတော့ ဒီကလေးတွေဆီကို ရောက်အောင်သွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်လေးတခုနဲ့ လာလိုက်တာပေါ့။” ဟုတ်ကဲ့။ ဆိုတော့ ဒုက္ခသည်စခန်းတွေကို ရောက်ပြီဆိုရင် အခုနက ပြောတဲ့ အဓိက အမျိုးသမီးနဲ့ ကလေးတွေကို ဘာတွေ ကူညီလုပ်ဆောင်ပေးဖို့ရှိလဲ။ “အဓိကကတော့ ထရီဇာတို့က မီးမရသေးတဲ့ စခန်းတွေအတွက် ဆိုလာဘက်ထရီတွေ တပ်ပေးမယ်။ သူတို့တွေအတွက် ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေ ပါလာတယ်။ ပြီးတော့ သူတို့ ချက်ပြုတ်စားသောက်ဖို့အတွက် ဟင်းပန်ကန်ခွက်တွေပေါ့ အဲဒါ အဓိကလှူတယ်။ ပြီးတော့ အဲဒီမှာ ကျောင်းလေးတကျောင်းက မပိတ်ဘူး၊ ဆရာမတွေကလည်း ဆက်ပြီးတော့ စာသင်ပေးတဲ့အတွက် ကလေးတွေ ပညာရေးကလည်း အရေးကြီးတယ်။ အဲဒီအတွက် သူတို့အတွက် ကျောင်းအသုံးအဆောင် ပစ္စည်းစာအုပ်တွေ လှူဒါန်းမယ်။ အဲဒါတွေကို အဓိက လှူမှာပါ။ ကျန်တာကတော့ ကလေးတွေ စိတ်ခွန်အားဖြစ်စေမယ့် စကားလေးတွေ သမီးပြောမယ်။ ပြီးတော့ သူတို့ တောင်းဆိုတဲ့အရာလေးတွေ၊ သီချင်းဆို ဆိုရင်လည်း ဆိုပေးမယ်။ နောက်တခုက ထရီဇာဆိုရင် အရုပ်အထုပ်ကြီး ၂ ထုတ်ပါလာတယ်ပေါ့နော်။ ကိုယ်တမြတ်တနိုး သိမ်းထားတဲ့ အရုပ်တွေ၊ ဒါပေမယ့်လည်း ထရီဇာအခန်းထဲမှာ ဒီတိုင်းထားတာထက် ဒီကလေးတွေ ဒီအရုပ်ကလေးတွေကိုတွေ့ရင် ပျော်သွားမယ့် အပျော်လေးတွေ ဒီအချိန်မှာ ထရီဇာအတွက် ပိုတန်ဖို့ရှိတယ်။ အဲဒီအတွက်ကြောင့်မို့ ထရီဇာအရုပ်တွေလှူဖို့ ပါလာတယ်ပေါ့နော်။” အခုချိန်မှာက ရွေးကောက်ပွဲကလည်းပြီးပြီ၊ တဘက်မှာလည်း အပစ်ခတ်ရပ်စဲရေးလုပ်ငန်း တွေကို ကြိုးစားလုပ်ဆောင်နေကြတယ်။ ဒါပေမယ့် တဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ အနုပညာရှင်တယောက်အနေနဲ့ ဒီအပေါ်မှာ ဘာပြောချင်လဲ။ “စာတွေ့တွေထက် လက်တွေ့ကို အကောင်အထည်ဖော်စေချင်ပါတယ်လို့။ အပြောတွေနဲ့ အလုပ်ကို ထပ်တူကျစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်က မဖြစ်တာ အကောင်းဆုံးပဲ။ ငြိမ်းချမ်းနေတာက အကောင်းဆုံးပါပဲ။ စစ်ဖြစ်ပြီဆိုရင် ဘာကြောင့်ပဲဖြစ်ဖြစ်၊ ခိုင်လုံတဲ့အကြောင်းအရာမရှိဘဲ စစ်ဖြစ်ရင် ပိုပြီးတော့ မဖြစ်သင့်ဘူး။ အသင်းအဖွဲ့တွေရဲ့ အတ္တတွေ၊ လူတဦးတယောက်ရဲ့ လိုချင်တပ်မက်မှုတွေ၊ အတ္တတွေကြောင့် မလိုလားအပ်တဲ့ ပြည်သူတွေ အထူးသဖြင့် အမျိုးသမီးတွေ ကလေးငယ်တွေအတွက် ဘ၀လုံခြုံမှုမရှိတာက တော်တော်ကို ဆိုးပါတယ်။ အဲဒီအတွက်  စစ်ဆို ဘယ်အကြောင်းအရာ ခိုင်ခိုင်လုံလုံရှိတာပဲဖြစ်ဖြစ်၊ မရှိတာပဲဖြစ်ဖြစ် စစ်ဆိုရင်တော့ မဖြစ်စေချင်ဘူး။ အဲတော့ အားလုံးက အပြောတွေနဲ့ အလုပ်တွေကို လက်တွေ့ကျဖို့ အရေးကြီးတယ်ပေါ့။ စာချုပ်တွေထက် တကယ့် လက်တွေ့ကျကျ အပစ်အခတ်တွေ ရပ်စဲဖို့က ပိုအရေးကြီးတယ်လို့ ထရီဇာက မြင်ပါတယ်။” ဓာတ်ပုံ - အောင်အောင်ကျော်ဖေ့စ်ဘွတ်ခ်  

A d v e r t i s e m e n t With Us

More News
Up