မန္တလေး-တမူး ခရီးသည်တင်ယာဉ် ကားဘရိတ်ပေါက်ပြီး ချောင်းထဲထိုးကျ
DVB
·
December 3, 2015
မန္တလေးကနေ တမူးကိုပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်တစီးဟာ ဘော်ပြင်းရွာအနီး ညောင်ထုံးတောင်အဆင်းမှာ ကားဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဝါးရှင်းချောင်းထဲ ထိုးကျသွားခဲ့ပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းက မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားပေါ်မှာ ခရီးသည် ၃ ဦး၊ ဒရိုင်ဘာ၊ စပယ်ယာ၊ အုံနာ စုစုပေါင်း လူ ၆ ဦးနဲ့ ကုန်တွေကို တင်ဆောင်လာခဲ့တာပါ။
အခုဖြစ်စဉ်ကြောင့် စပယ်ယာမှာ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး အခြားဒဏ်ရာရသူတွေကို နီးစပ်ရာ ကန်တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ဒီအထဲက ဒဏ်ရာရသူ ၂ ဦးဟာ စိုးရိမ်ရတာကြောင့် ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံကို ဆက်လက် ပို့ဆောင်နေခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ည ၁၀ နာရီလောက်ကလည်း အုတ်၊ သွပ် တင်လာတဲ့ ဖောကားတစ်စီး တောင်ထိပ်ကနေ နောက်ပြန်လျောကျခဲ့ပေမယ့် လူထိခိုက်တာတော့ မရှိဘူးလို့ သိရပါတယ်။
သတင်းဓာတ်ပုံ - အောင်ကိုလတ်