အိန္ဒိယ တမီနာဒူးပြည်နယ်တ၀န်း မိုးသည်းထန်ပြီး ရေလွှမ်းမိုး (ရုပ်သံ)

1.9K
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူးပြည်နယ်မှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အသည်းထန်ဆုံး မိုးရွာသွန်းနေပြီး ပြည်နယ်တ၀န်း ရေလွှမ်းမိုးနေပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်း ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းကြောင့် အခုလို မိုးအသည်းအသန် ရွာသွန်းနေပြီး အိန္ဒိယစစ်တပ်က ဒေသခံတွေကို ကယ်ဆယ်ရေးဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့လကစပြီး ပြည်နယ်အတွင်း ရေကြီးရေလျှံမှုတွေနဲ့ သေဆုံးသူအနည်းဆုံး ၁၈၈ ဦး ရှိသွားပြီလို့ ဆိုပါတယ်။
ပြည်နယ်မြို့တော် ချန်နိုင်းမြို့ရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းဟာ လျှပ်စစ်မီး ပြတ်တောက်နေပြီး ရထားနဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း ရပ်နားထားရပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ကတော့ စက်ရုံအလုပ်ရုံတွေအားလုံး ပိတ်ထားရပြီး မြို့တော်ရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ပြေးလမ်း အနည်းဆုံး တခုလည်း ရေလွှမ်းနေပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့က ၂၄ နာရီအတွင်း ရွာသွန်းလိုက်တဲ့မိုးရေချိန်ဟာ ဒီဇင်ဘာလတလလုံး ပျှမ်းမျှမိုးရေချိန်ရဲ့ ၂ ဆနီးပါး ရွာသွန်းခဲ့တယ်လို့ ဒေသခံမိုးလေ၀သအေဂျင်စီက ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ မိုးရာသီဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုတွေဟာ နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး မိုးအကုန်မှာ အိန္ဒိယတောင်ပိုင်းပြည်နယ်တွေမှာ အခုလို မိုးများတတ်တယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြကြပါတယ်။