ဖေ့စ်ဘွတ်ခ် စီအီးအို၏ဇနီး ရှယ်ယာပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကို လှူဒါန်းမည်

ဓာတ်ပုံ - ရိုက်တာ
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကြီးရဲ့ စီအီးအို မခ် ဇူကာဘတ်ခ် (Mark Zuckerberg) ရဲ့ ဇနီး ပရီစ်ဆလ်လာ ချန်း (Priscilla Chan) က ကုမ္ပဏီအတွင်း သူ့ရဲ့ရှယ်ယာပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကို ပရဟိတ လူမှုရေးလုပ်ငန်းတွေအတွက် လှူဒါန်းမယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့တပတ်က သူတို့ရဲ့ သမီးဦးလေး မက်စ် (Max) ကို မွေးဖွားခဲ့အပြီး သမီးလေးဆီ ရေးသားတဲ့စာထဲမှာ မခ် ဇူကာဘတ်ခ်က အခုလို ကြေညာထားတာပါ။ လက်ရှိလည်း သူတို့ဇနီးမောင်နှံ ထူထောင်ထားတဲ့ Chan Zuckerberg Initiative လူမှုရေးအဖွဲ့ကတဆင့် လူမှုရေးလုပ်ငန်းတွေအတွက် ငွေလှူဒါန်းနေတာပါ။ သမီးလေး မက်စ် ကြီးပြင်းလာမယ့် ကမ္ဘာလောကကြီးကို အခုထက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်စေချင်တယ်လို့ မခ် ဇူကာဘတ်ခ်က ပြောပါတယ်။ လောလောဆယ်တော့ သူတို့ဇနီးမောင်နှံရဲ့ ရှယ်ယာပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံလောက်ရှိမယ်လို့ မခ် ဇူကာဘတ်ခ်က ဆိုပါတယ်။ ပြီးခဲ့တဲ့တပတ်က သူတို့ရဲ့ သမီးဦး မက်စ်ကို မွေးဖွားခဲ့ပေမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာ လူသိရှင်ကြား တရားဝင် ထုတ်ဖော်ပြောဆိုတာပါ။ လာမယ့် မျိုးဆက်သစ်ကလေးတွေအားလုံး အခွင့်အရေး သာတူညီမျှ ရရှိရေးနဲ့ လူသားအားလုံး ကိုယ်စွမ်းကိုယ်စ ပြုစုပျိုးထောင်ရေးအတွက် သူတို့ရဲ့ Chan Zuckerberg Initiative လူမှုအဖွဲ့အစည်းကို ထူထောင်ထားတာလို့လည်း စာထဲမှာ ရေးသားထားပါတယ်။ လောလောဆယ် သူတို့အဖွဲ့အစည်းက အဓိကထားနေတဲ့ လူမှုရေးလုပ်ငန်းတွေကတော့ လူတဦးချင်း သူသင်ယူလိုတဲ့ ပညာရပ်ကို စိတ်တိုင်းကျ သင်ယူခွင့်ရရှိရေး၊ ရောဂါဘယကုသရေး၊ လူအချင်းချင်း ချိတ်ဆက်၊ ဆက်သွယ်နိုင်ရေးနဲ့ အင်အားကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတွေ ထူထောင်ရေးတို့ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up