တရုတ်နိုင်ငံ ဘေဂျင်းတွင် လေထုညစ်ညမ်းမှု အဆိုးဆုံးနှင့် ရင်ဆိုင်နေရ

ဓာတ်ပုံ - စီအန်အန်
4.2K
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ကုလသမဂ္ဂ ရာသီဥတု ထိပ်သီးညီလာခံ ကျင်းပနေချိန် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တော်မှာ လေထုညစ်ညမ်းမှု အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တရားဝင်သတ်မှတ်ပေးထားတဲ့ လေထုသန့်ရှင်းမှုအဆင့်ထက် အဆ ၃၅ ဆ ညစ်ညမ်းနေတယ်လို့ ဒေသခံ အာဏာပိုင်တွေ တိုင်းတာ ရရှိထားပါတယ်။
ဒါကြောင့် လေထုညစ်ညမ်းမှု ဒုတိယအမြင့်ဆုံး အဆင့်ဖြစ်တဲ့ လိမ္မော်ရောင်ကို သတ်မှတ်ထားတာ ၃ ရက်ရှိပြီ ဖြစ်ပါတယ်။
မြို့တော်ပတ်ဝန်းကျက် စက်ရုံတွေ ရပ်နာခိုင်းထားပြီး ကုန်ကားကြီးတွေကိုလည်း မောင်းနှင်ခွင့် ပိတ်ပင်ထားပါတယ်။
တရုတ်နိုင်ငံမှာ ဆောင်းတွင်းဝင်ရောက်လာပြီဖြစ်လို့ ကျောက်မီးသွေးစွမ်းအင်သုံး အနွေးပေးစက်တွေကြောင့် အခုလို လေထုညစ်ညမ်းရတာလို့ ဆိုပါတယ်။
တချိန်တည်းမှာ ပတ်ဝန်းကျင်လေထု စိုထိုင်းပြီး လေမတိုက်တဲ့အတွက် မီးခိုးတွေ ထွက်စရာမရှိဘဲ ပိတ်မိနေတယ်လို့ မိုးလေ၀သ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အများစုဟာ ကျောက်မီးသွေးစွမ်းအင်သုံးစွဲပြီး အိမ်သုံး ကျောက်မီးသွေးဖိုတွေလည်း သုံးစွဲကြပါတယ်။
ဘေဂျင်းမြို့ခံတဦးက အခုလောက် မီးခိုးတွေပိတ်နေရင် ဒေသခံတွေအတွက် ဆိုးရွားတဲ့ အကျိုးဆက်တခုခုတော့ ဖြစ်ကို ဖြစ်တော့မယ်လို့ ပြောဆိုပါတယ်။
အခုနှစ် ပါရီ ရာသီဥတု ထိပ်သီးညီလာခံမှာ ကမ္ဘာကြီးပူးနွေးလာမှုကို လက်တွေ့ကျကျ လျှော့ချရေး ကမ္ဘာ့ကာဗွန်အထုတ်လွှတ်ဆုံး နိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ဦးဆောင်တောင်းဆိုနေပါတယ်။