A d v e r t i s e m e n t With Us

ရုရှားနှင့် ဆက်ဆံရေးတင်းမာမှု လျှော့ချရန် တူရကီကို အိုဘားမား တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက တူရကီသမ္မတ အာဒိုဂံကို ရုရှားနဲ့ ဆက်ဆံရေး တင်းမာမှုကို လျှော့ချဖို့ တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာ အမေရိကန်အနေနဲ့ နေတိုး မဟာမိတ်ဖြစ်တဲ့ တူရကီရဲ့  လုံခြုံရေးအတွက် ဆောင်ရွက်ချက်ကို ထောက်ခံတယ်လို့လည်း ပြောပါတယ်။ အရင်တပတ်က ဆီးရီးယားနဲ့ တူရကီနယ်စပ်မှာ ရုရှား ဗုံးကြဲလေယာဉ်ကို တူရကီက ပစ်ချခဲ့ပြီးနောက် အိုဘားမားနဲ့ တေးရစ် အာဒိုဂံတို့ ပါရီ ရာသီဥတု ညီလာခံအတွင်း တွေ့ဆုံတာပါ။ တူရကီရဲ့ မိမိလေပိုင်နက် ကာကွယ်ခွင့်ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံတယ်၊ တူရကီနဲ့ ရုရှားတို့ နှစ်ဘက်စလုံးက တင်းမာမှုတွေကို လျှော့ချပြီး သံတမန်နည်းလမ်းနဲ့ အဖြေရှာဖို့ကိစ္စကို ဆွေးနွေးတယ်လို့ အိုဘားမားက ပြောပါတယ်။ အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အကြမ်းဖက်အဖွဲ့ကိုပဲ အာရုံစိုက်ဖို့ ပိုပြီး အရေးကြီးတဲ့အကြောင်း အာဒိုဂံကို ပြောကြားခဲ့တယ်လို့လည်း အိုဘားမားက ပြောပါတယ်။ တူရကီဝန်ကြီးချုပ်ကလည်း တူရကီနဲ့ ရုရှားတို့ကြားမှာ နောက်ထပ် တင်းမာမှုတွေ ထပ်မဖြစ်အောင် ဆက်ဆံရေးလမ်းကြောင်းဖွင့်ဖို့ ဒီဇင်ဘာ ၁ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်ကတော့ တူရကီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်မယ့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး တူရကီက ရုရှားလေယာဉ်ကို ပစ်ချတာဟာ အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ဆီက ရေနံတင်ပို့မှုကို ကာကွယ်ဖို့ဖြစ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။ တူရကီဘက်တော့ ဒီလိုစွပ်စွဲမှုကို မှားယွင်းတယ်လို့ တုံ့ပြန်ပါတယ်။ အိုဘားမားနဲ့ တွေ့တဲ့အချိန်မှာလည်း တူရကီနဲ့ ရုရှားတို့ ဆက်ဆံရေး တင်းမာနေတဲ့ ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ အာဒိုဂံက ပြောပါတယ်။ ဒီအဖြစ်အပျက်ကို အကြောင်းပြုလို့ အခြေအနေတွေ ဆိုးရွားမသွားအောင်၊ ငြိမ်းချမ်းသွားအောင်၊ ဒေသတခုလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့တယ်လို့ အာဒိုဂံက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up