တကိုယ်တော်ဆိုင်ကယ်ဖြင့် နိုင်ငံအနှံ့ ရက် ၁၆၀ ခရီးနှင်ခဲ့သည့် တရုတ်အဖိုးအို (ရုပ်သံ)

1.8K
တရုတ်နိုင်ငံ၊ ယူနန်းခရိုင်၊ ကူမင်းမြို့က ရှီထုံအမည်ရ အသက် ၇၀ အရွယ် အဖိုးအိုတဦးဟာ ဆိုင်ကယ်နဲ့ တနိုင်ငံလုံးအနှံ့ ရက်ပေါင်း ၁၆၀ ကြာ တကိုယ်တော် ခရီးထွက်ခဲ့ပါတယ်။
တနိုင်ငံလုံးအနှံ့ ခုလို ဆိုင်ကယ်စီးပတ်ဖို့ဟာ သူ့ရဲ့အိပ်မက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က စတင်ခဲ့တဲ့ ခရီးမှာ ခရီးအကွာအဝေး ကီလိုမီတာ ၂၆,၀၀၀ စီးနင်းခဲ့တာ ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဲဒီလို ခရီးထွက်ဖို့အတွက် သူဟာ လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ယွမ်ငွေ ၁ သောင်း (အမေရိကန်ဒေါ်လာ ၁၅၆၃) စုဆောင်းခဲ့ရတာပါ။
ရှီထုံဟာ လွန်ခဲ့တဲ့သုံးနှစ်က နှလုံးခွဲစိတ်မှု ခံခဲ့ရတာဖြစ်ပြီး ခုလို ဆိုင်ကယ်စီးနင်းတာဟာ သူ့အတွက် အနှောင့်အယှက် မဖြစ်စေဘဲ အရေးအကြီးဆုံးက စိတ်ထားကောင်းကောင်း ထားနိုင်ဖို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။
ခရီးစဉ်အတွင်းမှာ သူဟာ တိဘက်ဒေသ၊ မိုတူရိုခရိုင်မှာ မြစ်တစင်းထဲကို ဆိုင်ကယ်ထိုးကျမလို ဖြစ်ခဲ့ပြီး လမ်းဘေးကို လဲကျခဲ့ပါသေးတယ်။
အခက်အခဲတွေကြားက သူ့ရဲ့ ဒီခရီးစဉ်တွင်းမှာ ရခဲ့တဲ့ အတွေ့အကြုံတွေအတွက် ကျေးဇူးတင်တယ်လို့ ရှီထုံက ပြောပါတယ်။
ရုပ်သံ - စီစီတီဗွီ