ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ နိုဝင်ဘာ ၃၀ ရက် ဒီကနေ့မနက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းမှာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီဟာ ရွေးကောက်ပွဲမှာ အောင်နိုင်ထားပေမယ့် မာန်မာနမရှိဘဲ အပြုသဘောဆောင်ပြီး နှိမ့်ချ ဆောင်ရွက်တာတွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ဆောင်ရွက်နေတာတွေကို ကြိုဆိုဂုဏ်ပြုရမယ်လို့ သူရဦးရွှေမန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် လာမယ့် အစိုးရအဖွဲ့မှာလည်း ပါဝင်သင့်တဲ့ တိုင်းရင်းသား အစုအဖွဲ့တွေ ပါဝင်ရေးကို မျှော်မှန်းထားတယ်ဆိုတဲ့ အတွက်လည်း မင်္ဂလာသတင်း ဖြစ်တယ်ဆိုပြီး ရေးသားထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးဖို့အတွက် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဖို့ သီးခြားစီ စာပို့တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက်မှာ သူရဦးရွှေမန်းနဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က သီးသန့်တွေ့ဆုံခဲ့ပြီး အခုတခေါက် ထပ်မံတွေ့ဆုံတာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကတော့ လာမယ့် ဒီဇင်ဘာ ၂ ရက်နေ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားစီ လက်ခံတွေ့ဆုံ ဆွေးနွေးမယ်လို့ အကြောင်းပြန်ထားပါတယ်။