သမ္မတ အိုဘားမား ပါရီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများကို အောက်မေ့ကြောင်း ပြသ

ဓာတ်ပုံ - ရိုက်တာ
931
ပြင်သစ် ရာသီဥတုညီလာခံတက်ဖို့ ပါရီကို ရောက်နေတဲ့ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားဟာ နိုဝင်ဘာ ၁၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဘာတာကလန် (Bataclan) ကဇာတ်ရုံကို နိုဝင်ဘာ ၃၀ ရက် အစောပိုင်းမှာ သွားပြီး သေဆုံးသွားသူတွေကို အောက်မေ့ကြောင်း ပြသခဲ့ပါတယ်။
အိုဘားမားနဲ့အတူ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒီ၊ ပါရီမြို့တော်ဝန်တို့လည်း လိုက်ပါသွားပါတယ်။
ပါရီမြို့တော်ကို အကြမ်းဖက်သမားတွေ တိုက်ခိုက်တဲ့ညက လူ ၁၃၀ သေဆုံးခဲ့ပါတယ်။
ဘာတာကလန် ကဇာတ်ရုံမှာလည်း ရော့ဂီတပွဲတခု ကျင်းပနေချိန်မှာ သေနတ်သမား ၃ ဦးက ၀င်ပစ်ခဲ့တာကြောင့် ၈၉ ဦး သေဆုံးခဲ့ပါတယ်။
သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကမ္ဘာကြီးရဲ့ အပူချိန်ကို လျှော့ချရေး၊ ရုပ်ကြွင်းလောင်စာကို အလွန်အကျွံ မှီခိုရတဲ့ အခြေအနေကနေ ရုန်းထွက်ပြီး ကမ္ဘာ့စီးပွားရေးကို ဘယ်လိုမောင်းနှင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို တခြားနိုင်ငံ အကြီးအကဲတွေနဲ့ ညှိနှိုင်းဖို့ရှိပါတယ်။