ဘရာဇီးထောင်တွင်း ကျင်းပသည့် အမျိုးသမီး အလှမယ်ပြိုင်ပွဲ (ဓာတ်ပုံ)






1.7K
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့မှာ တာလာဗီယာဘရုစ် အမျိုးသမီးအကျဉ်းထောင်မှာ ထောင်တွင်းပြစ်ဒဏ်ကျ အမျိုးသမီး အလှမယ်ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။
အဲဒီပြိုင်ပွဲမှာ ဓားပြမှုနဲ့ ထောင်ဒဏ် ၃၉ နှစ်ကျခံနေရသူ အသက် ၂၇ နှစ်အရွယ် မီရှဲလ်နေရီရန်ဂျဲလ်က ၂၀၁၅ ခုနှစ် ပြစ်မှုကျူးလွန်သူ အလှမယ်ဘွဲ့ကို ရရှိခဲ့တယ်လို့ မေရာအွန်လိုင်းသတင်းမှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖော်ပြပါတယ်။
သူဟာ ၂၀၁၀ ပြည့်နှစ်တည်းက ဓားပြမှုနဲ့ ထောင်ထဲကို ရောက်နေခဲ့တာဖြစ်ပြီး ထောင်တွင်းပြည့်တန်ဆာမှု ကျူးလွန်ခဲ့မှုကြောင့် နောက်ထပ်ပြစ်ဒဏ် ၆ နှစ် ထပ်မံကျခံထားရသူပါ။
ဒီပြိုင်ပွဲကို အမျိုးသမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုစွမ်းရည် ပိုမိုလာစေဖို့ ရည်ရွယ်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ပါဝင်ယှဉ်ပြိုင်သူတွေဟာ ၀တ်စုံဒီဇိုင်းနဲ့ မိတ်ကပ်အပြင်အဆင်တွေကို စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ပြင်ဆင်ကာ ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွေလို ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။
ဘရာဇီးနိုင်ငံ၊ တရားရေးဝန်ကြီးဌာနရဲ့ အဆိုအရ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အမျိုးသမီး အကျဉ်းသားဦးရေဟာ ၅၆၇ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေရဲ့ အဆိုအရ ဘရာဇီးနိုင်ငံ ထောင်တွင်းအကျဉ်းသားဦးရေဟာ ကမ္ဘာ့စတုတ္ထအများဆုံး ဖြစ်လာတယ်လို့ ပြောပါတယ်။
ဓာတ်ပုံ - mirror.co.uk