ချင်းမိုင် – ဘန်ကောက် ခရီးသည်တင်ကား တိမ်းမှောက်၊ ၂ ဦးသေဆုံး ၄၈ ဦး ဒဏ်ရာရ

ဓာတ်ပုံ - manager.co.th
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ကနေ ဘန်ကောက်ကို ထွက်ခွာလာတဲ့ ခရီးသည်တင်ကားတစီး အန်ထောင်းခရိုင်အရောက်မှာ တိမ်းမှောက်ပြီး သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အင်းထရားထိုး ကုမ္ပဏီပိုင် ယာဉ်အမှတ် 10-3611 ခရီးသည်တင်ကားဟာ နိုဝင်ဘာ ၃၀ ရက်နေ့ မနက် ၅ နာရီခွဲ အချိန်က အန်ထောင်းခရိုင် ချိုင်းယိုးမြို့နယ် ချိုင်းယဖွန်းကျေးရွာ အုပ်စုအပိုင် အာရှလမ်းမကြီးပေါ်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး လူ ၂ ဦးသေဆုံးကာ ၄၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ချိုင်းယိုးမြို့နယ် ရဲစခန်း တာဝန်ကျ ဒု-ရဲအုပ် နရုန်းတန်ဥဘွန်းက သတင်းထောက်တွေကို ပြောပါတယ်။ ဒဏ်ရာရသူတွေကို အန်ထောင်းခရိုင်ဆေးရုံကြီး၊ ချိုင်းယဖွန်းမြို့နယ်ဆေးရုံနဲ့ ဖိုးထိထောင်းန် ဆေးရုံအသီးသီးမှာ ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ ကားပေါ်မှာ ယာဉ်မောင်း ၁ ဦး၊ ၀န်ထမ်း ၂ ဦး၊ ခရီးသည် ၄၈ ဦး စီးနင်းလိုက်ပါလာပြီး ဒဏ်ရာရခရီးသည်တွေထဲမှာ နိုင်ငံခြား ခရီးသွားဧည့်သည်တွေလည်း ပါဝင်ကြောင်း၊ ကားမှောက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ နိုင်းချန်းဘွန်းဆာဒီး (၅၉ နှစ်) က ယာဉ်မောင်းစဉ် အိပ်ငိုက်သွားတဲ့အတွက် လမ်းဘေးကို ထိုးကျ တိမ်းမှောက်သွားတာလို့ ၀န်ခံသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up