ဆီးရီးယားရှိ သူပုန်ထိန်းချုပ်နယ်မြေကို ရုရှားဗုံးကြဲ၊ လူ ၃၀ ထက်မနည်းသေဆုံး (ရုပ်သံ)

4.5K
ရုရှားဂျက်လေယာဉ်တွေက ဆီးရီးယား အနောက်မြောက်ဒေသက အာရီဟာမြို့မှာ ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူ ၃၀ ထက်မနည်း သေဆုံးသွားတယ်လို့ သူပုန်ထိန်းချုပ် နယ်မြေမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေက ဆိုပါတယ်။
အရင်ရက်က တူရကီနယ်စပ်မှာ ရုရှားတိုက်လေယာဉ်ကို တူရကီက ပစ်ချလိုက်ပြီးကတည်းက တူရကီနဲ့ နယ်စပ်မြို့တ၀ိုက်မှာ ရုရှားရဲ့ထိုးစစ်တွေ ပြင်းထန်နေတယ်လို့ ဆီးရီးယားပြည်သူတွေက ဆိုကြပါတယ်။
အာရီဟာမြို့ လေကြောင်းထိုးစစ်တခုက ဈေးတခုကို ထိမှန်ခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။
အွန်လိုင်းပေါ်ရောက်လာတဲ့ ဗွီဒီယိုမှာလည်း ဈေးနားကလမ်းတွေ ပျက်စီးနေတဲ့ပုံတွေ၊ လူတွေ သေကျေ ဒဏ်ရာရတဲ့ပုံတွေ ပါဝင်ပါတယ်။
လူနာတွေ အတော်များများကိုလည်း ဆေးရုံတွေကိုပို့နေတဲ့ အရုပ်တွေလည်း ပါဝင်ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရုရှားကာကွယ်ရေးဌာနဘက်ကတော့ ဘာမှ မထုတ်ပြန်သေးပါဘူး။
ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အရေးအဖွဲ့ရဲ့ အဆိုအရ သေဆုံး ဒဏ်ရာရသူ ဦးရေ စုစုပေါင်း ၆၀ လောက်အထိ တိုးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။