Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ၊ ကာချုပ်တို့ သီးခြားတွေ့ဆုံဆွေးနွေးမည်
DVB
·
November 30, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ ဒီဇင်ဘာ ၂ ရက်နေ့ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးမယ်လို့ ပါတီပြောခွင့်ရသူ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဦးသိန်းစိန်နဲ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်း နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ တွေ့ဆုံမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တော့ ဒီဇင်ဘာ ၂ ရက် နေ့လည် ၂ နာရီမှာ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်းရှိ ဧည့်ရိပ်သာမှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အမြန်ဆုံး တွေ့ဆုံဆွေးနွေးတာဟာ အကောင်းဆုံးဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းက ပြောပါတယ်။ “ဒီဇင်ဘာ ၂ ရက်နေ့ တွေ့ဆုံဆွေးနွေးရေးဟာ တိုင်းပြည်ရဲ့ဒီမိုကရေစီအပြောင်းအလဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တကယ်ကို ထိရောက်ပြီးတော့ အကျိုးရှိတဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ ဒီတွေ့ဆုံဆွေးနွေးရေးဟာ တိုင်းပြည်နဲ့ ပြည်သူလူထု တနည်းအားဖြင့်တော့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ ဆိုလိုချင်တာက ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကို ဦးတည်နိုင်တဲ့ နိုင်ငံရေးလမ်းကြောင်းကို ဖော်ဆောင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက် အဲဒီတွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း တိုင်းရင်းသားပြည်သူလူထု သိရှိနိုင်အောင်လည်း အချိန်နဲ့တပြေးညီ ထုတ်ပြန်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲဟာ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးကို မျက်နှာမူပြီးတော့ ဖော်ဆောင်မှသာလျှင် အချိန်တိုအတွင်းမှာ ထိထိရောက်ရောက်နဲ့ ယုံကြည်မှု၊ နားလည်မှု တည်ဆောက်ပြီးတော့ သင့်မြတ်ရေးလမ်းပေါ်ကို အခြေချနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်ဖြစ်တယ်။” ရွေးကောက်ပွဲကတဆင့် ဖော်ထုတ်လိုက်တဲ့ ပြည်သူလူထုရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ အရေးကြီးတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံပြီး တွေ့ဆုံဆွေးနွေးကြဖို့ ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၀ ရက်နေ့က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တာ် နာယကတို့ထံ သီးခြားစီ စာရေးတောင်းဆိုထားတာပါ။ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က တွေ့ဆုံခဲ့ပြီး ဒုတိယကြိမ်လွှတ်တော်တွေကို ဥပဒေနဲ့အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024