Home
မြန်မာသတင်း
ဒေါ်စုနှင့် တိုင်းရင်းသားခေါင်းဆောင်အချို့ ဆွေးနွေးမှုများရှိဟု ဦးဉာဏ်ဝင်းပြော
DVB
·
November 29, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးဖို့ အစီအစဉ်ရှိပြီး လတ်တလောမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခဏ လာရောက်ဆွေးနွေးတာတွေ ရှိတယ်လို့ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဂျပန်အစိုးရရဲ့ ဖိတ်ခေါ်မှုနဲ့ ရောက်ရှိနေတဲ့ ဦးဉာဏ်ဝင်းဟာ နိုဝင်ဘာ ၂၉ ရက်နေ့ က တိုကျိုမြို့ အီခဲဘူခုရိုမှာ ကျင်းပတဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ တက်ရောက်သူတွေက အပစ်ရပ် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အန်အယ်လ်ဒီရဲ့ ပါဝင်ပတ်သက်မှုအခြေအနေ၊ အစိုးရသစ် အခန်းကဏ္ဍ စတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာပါ။ “တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အားလုံးဆွေးနွေးဖို့ ကျနော်တို့ နဂိုးကတည်းက စီစဉ်ပြီးသား ရှိတယ်။ နောက်တခု အခု အပစ်ရပ်စဲရေးလက်မှတ်ထိုးကြတယ်။ အဲဒီမှာပါတဲ့သူတွေ ဒေါက်တာ ဆလိုင်းတို့ (ဆလိုင်းလျန်မုန်းဆာခေါင်း)၊ ဗိုလ်မှူးကြီးတူးတူးလေးတို့၊ ကေအန်ယူကပေါ့ ပဒိုကွယ်ထူးဝင်းတို့၊ သူတို့တွေ အားလုံးဟာ ကျနော်တို့ဥက္ကဋ္ဌနဲ့ မကြာခဏ လာရောက်ဆွေးနွေးတယ်။ သူတို့ကို ကျနော်တို့ ဥက္ကဋ္ဌက လိုအပ်ချက်တွေ ပြောပြတယ်။” အပစ်ရပ်စဲရေး ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မပါဝင်ဘူးလို့ ပြောဆိုဝေဖန်မှုတွေ ရှိနေတဲ့အပေါ်မှာ ဦးဉာဏ်ဝင်းက အခုလို ရှင်းလင်းပြောကြားသွားပါတယ်။ “တချို့ကပြောကြတယ် အန်အယ်လ်ဒီ မပါဘူးဆိုပြီး၊ အန်အယ်လ်ဒီ ထဲထဲဝင်ဝင် ပါတယ်။ လက်မှတ်ထိုးခြင်း၊ မထိုးခြင်းက တကဏ္ဍပါ။ ငြိမ်းချမ်းရေး အပစ်ရပ်စဲရေးကို ဒေါ်စုစကားနဲ့ပြောရရင် ချက်ချင်းလိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အပစ်အခတ် ရပ်လိုက်တာနဲ့ နယ်တွေမှာရှိတဲ့ တိုင်းရင်းသားတွေ ချက်ချင်း အကျိုးခံစားရမှာ။ ရန်ကုန်ကလူတွေ အကျိုးခံစားရမှာမဟုတ်ဘူးနယ်မှာ။ ” ဒါ့အပြင် ဦးဉာဏ်ဝင်းက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ လွှတ်တော်ခေါ်ယူရမှာဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ကျရင် အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးရမှာဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သန်းရှင်းတည်ကြည်တဲ့ အစိုးရသစ်ဖြစ်ဖို့ အာမခံကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဦးဉာဏ်ဝင်းဟာ ဂျပန်နိုင်ငံမှာ ၁ ပတ်ကြာနေထိုင်မှာဖြစ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ဂျပန်ကုန်သည်ကြီးများအသင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း နည်းပညာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ဦးဉာဏ်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် သုတေသနလုပ်ခဲ့တဲ့ ကျိုတိုတက္ကသိုလ်မှာ သွားရောက်လေ့လာမှာဖြစ်ပြီး အဲဒီမှာ ပညာသင်နေတဲ့ မြန်မာကျောင်းသားတွေနဲ့လည်း တွေ့ဆုံဦးမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024