Home
မြန်မာသတင်း
ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး ပြန်လွတ်၊ ပြစ်မှုကျူးလွန်သူ ၂ ဦးကို ဖမ်းမိ
DVB
·
November 29, 2015
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ကိုယ်ဝန်ဆောင် မြန်မာ အမျိုးသမီး အမှုနဲ့ ပတ်သက်ပြီးတော့ ပြစ်မှု ကျူးလွန်သူ ၂ ဦးကို ဖမ်းမိထားတယ်လို့ ပထုံဌာနီ ခရိုင် ဆာခွပ် ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ ဆာခွပ်ရဲစခန်း တာဝန်ကျရဲဝန်ထမ်းက “ပြစ်မှု ကျူးလွန်သူ ၂ ဦးကို ဖမ်းမိပြီးတော့ အခု ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး၊ လူကြီးတွေ ရောက်လာရင်  သတင်းစာရှင်းလင်းပွဲ လုပ်ဖို့တော့ ရှိတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မြန်မာအမျိုးသမီးနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသိရှိသေးကြောင်း ပြောပါတယ်။ ထိုင်းသတင်းတွေအရ ပြစ်မှုကျူးလွန်သူတွေဟာ အသက် ၃၇ နှစ်အရွယ် နိုင်ချာလီ နိုခေါင် နဲ့ အသက် ၃၀ အရွယ် နိုင်ဆလာဝပ်တို့ကို ဖက်ချဘွန်း (phetchabun) ခရိုင်မှာ ဖမ်းမိပြီး အသက် ၃၇ နှစ်အရွယ် နိုင်အာနွန်းကတော့ လွတ်မြောက်နေသေးတယ်လို့ သိရပါတယ်။ ထိုင်းရတ်သတင်းမှာတော့ ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး မအိအိမိုး ပြန်လွတ်လာကြောင်း၊ သူမကို တက္ကစီသမားတွေက တိုက်ခန်းတခုကို ခေါ်သွားပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးပတ်ဝန်းကျင်ကို အော်ဟစ်အကူညီတောင်းခံလို့ ပြန်လွတ်လာတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အသက် ၂၂ နှစ်အရွယ် အဲဒီ ကိုယ်ဝန်ဆောင် မြန်မာ အမျိုးသမီးဟာ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းက အသက် ၃၀ အရွယ် အမျိုးသားဖြစ်သူ ကိုသိန်းစိုးနဲ့အတူ မဲဆောက်ကနေ ဘန်ကောက်ကို တက်ရောက်လာပြီးနောက် တက္ကစီငှားစီးခဲ့စဉ် အခုလို ဖမ်းဆီးခေါ်ဆောင်သွားခံရတာပါ။ ကားသမားဟာ ပထုံဌာနီခရိုင်အတွင်းက လမ်းခုလပ်တနေအရောက်မှာ အမျိုးသား ၂ ဦးကို ထပ်တင်ပြီးနောက်  ကိုသိန်းစိုးကို ၀ိုင်းဝန်းရိုက်နှက် ပစ္စည်းတွေယူကာ အမှိုက်ပုံမှာ ပစ်ချခဲ့ပြီး အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024