ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက ကျေးရွာအုပ်စုအချို့ရဲ့ လယ်ကွင်းနဲ့ယာခင်းတွေထဲကို နိုဝင်ဘာ ၂၈ ရက်နေ့ညဘက်က တောဆင်ရိုင်းတွေ အုပ်စုနဲ့ ထပ်မံဝင်လာပြီး အပင်တွေကိုစားသောက်၊ နင်ချေခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်လို့ လယ်သမားတွေ အခက်အခဲကြုံနေကြရပါတယ်။
တောဆင်ရိုင်းတွေ သောင်းကျန်းနေတာ အခုဆို ၁ လခွဲလောက်ရှိပြီဖြစ်ပြီး နိုဝင်ဘာဘာ ၂၈ ရက်နေ့က ထပ်မံဝင်ရောက်ပြီး သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။
“ဆင်ကိစ္စနဲ့ တလခွဲကျော်သွားပြီ။ အထက်ပိုင်းကနေ စားစား လာတယ်။ အခုကျနော့်လယ်ကွင်းမှာ စုကျနေတယ်။ ဆင်စောင့်နေရလို့ အခက်အခဲကြုံနေပြီ။ စောင့်လည်းမလွတ်နိုင်ဘူး။ ကိုယ်လည်းရိတ်၊ သူလည်းစား ဖြစ်နေတယ်။”
ပ-အိုးသည်မကျေးရွာ ဦးအေးထွန်းမောင်က “အခုအချိန်မတိုင်ပဲနဲ့ အလုပ်သမားငှားပြီး ရိတ်နေရပါတယ်။ အချိန်မတန်ပဲ ရိတ်တော့ သီးထွက်နှုန်းလည်း မရတော့ပါဘူး။ ဆင်ကိုကြောက်လို့ပါ” လို့ ပြောပါတယ်။
ဆင်ရိုင်းတွေဝင်တဲ့ လမ်းတလျှောက် ပျက်စီးတဲ့ လယ်ယာမြေဧက ၁၀၀ ကျော်ရှိနေပြီး ဆင်ရိုင်းတွေကို ဘယ်လိုမှမောင်းထုတ်လို့ မနိုင်ဘူးလို့ ဆိုပါတယ်။
ပ- အိုးသည်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းလှိုင်ကတော့ သူတို့ရဲ့အခက်အခဲကို ဒီဗွီဘီကို အခုလို ရှင်းပြပါတယ်။
“ဒီအနီးပာတ်ဝန်းကျင် ကျေးရွာအုပ်စုတွေမှာ ဆင်တွေက လယ်သမားတွေရဲ့ စပါးတွေ လာစားကြတယ်။ ဆင်တွေထွက်လာရတာကလည်း မယူတောင်တန်းမှာ မီးသွေးဖုတ်တဲ့လူတွေရှိတယ်၊ သစ်ခုတ်တဲ့လူတွေရှိတယ်။ အဲ့ဒီစီးပွားရေးသမားတွေက အထက်ကအရာရှိတွေနဲ့ ပေါင်းပြီးလုပ်နေတာဖြစ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ကို မလွန်ဆန်နိုင်တဲ့ ကိစ္စတွေရှိတယ်။ ဒါကကျနော်တို့ အခက်အခဲပါပဲ။ ဆင်ကြောင့် ပျက်စီးတာက ဒီနားမှာ ဧက ၁၀၀ လောက်ရှိတယ်။”
မောင်နှမကျေးရွာနေ ဦးကျော်ဇောမောင်က သစ်ခုတ်သူတွေ များပြီး သစ်တောပြန်းတီးတာကြောင့် ဆင်တွေဟာ အစာရေစာ ရှားပါးလာလို့ လူနေရွာတွေနဲ့ စိုက်ခင်းတွေဆီကို ရောက်လာတာဖြစ်ပြီး သစ်တောပြုန်းတီးမှုကို နိုင်ငံတော်က ကာကွယ်ပေးစေလိုတယ်လို့ ပြောပါတယ်။
မြို့နယ်သစ်တောဦးစီးဌာနကို ဒီဗွီဘီက မေးမြန်းရာမှာ အကူအညီတောင်းခံလာရင် ဆင်ရိုင်းတွေကို ဘယ်လိုမောင်းထုတ်ရမလဲဆိုတာ နည်းလမ်းပြ ကူညီပေးမယ်လို့ဖြေကြားပြီး သစ်ခုတ်ဖို့၊ မီးသွေးဖုတ်ဖို့ကိုလည်း ခွင့်ပြုပေးထားတာမရှိကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“သစ်တောဌာနမှာ ဆင်ရိုင်းမောင်းထုတ်တဲ့ နည်းလမ်းတွေရှိပါတယ်။ အဲဒီနည်းလမ်းတွေနဲ့ မောင်းထုတ်ရပါတယ်။ တရားဝင်မီးသွေးဖုတ်ခွင့်က တနိုင်ငံလုံးမှာမပေးပါဘူး။ မပေးတာကြာပါပြီ။ တရားဝင်ထုတ်ခွင့်မပေးဘူး။ ခုတ်ခွင့်မပေးဘူး။ အကြောင်းကြားလာရင်တော့ ရှောင်တခင်ဝင်စစ်ပါတယ်။ မိတာတွေလည်းရှိပါတယ်။”
အခု ဆင်ရိုင်းကြောင့် အခက်အခဲတွေ့နေရတဲ့ ကျေးရွာအုပ်စုတွေဟာ ဒီနှစ်ထဲမှာ ကိုမာန်မုန်တိုင်းဒဏ်နဲ့ ရေကြီးနစ်မြုပ်မှုကို တွေ့ကြုံခဲ့ရတဲ့ လယ်ယာမြေတွေဖြစ်ပါတယ်။
မေယုကြိုးဝိုင်းနဲ့ နီးကပ်တဲ့နေရာတွေ ဖြစ်တဲ့အတွက် တောဆင်ရိုင်းတွေရဲ့ ဖျက်ဆီးမှုကို နှစ်စဉ်တွေ့ကြုံနေရပေမယ့် ဒီနှစ်ကတော့ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
မေယုကြိုးဝိုင်းဟာ ဧရိယာ ၁၀၈၆၂.၈၅ ဧကရှိပြီး ဆင်ရိုင်းအရေအတွက် ၃၀၀ လောက် လှည့်လည်ကျက်စားတဲ့ သစ်တောဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – ကိုအောင်