တာချီလိတ်တွင် အမျိုးသားတဦးက ဆေးကြောင်ပြီး မိခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်
DVB
·
November 27, 2015
တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်ရွာမှာ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦးဟာ ဆေးကြောင်ပြီး မိခင်ဖြစ်သူကို ဓားနဲ့ ခုတ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။
နာရေးကူညီပေးနေသူ တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးလှမိုးက "တရားခံက မူးယစ်ဆေးဝါး သုံးစွဲထားပြီးတော့ လူသတ်ချင်စိတ်ပေါက်နေတယ်လို့ ပြောပါတယ်။ ပထမ သူရဲ့ မိန်းမကို အရင်ဆုံး ဦးခေါင်းကို ၈ လက်မ အရွယ်ရှိတဲ့ ကျောက်ခဲနဲ့ နောက်စေ့ တည့်တည့်ကို ထုလိုက်ပြီးတော့ သူရဲ့ နေအိမ်ကို ပြန်လာစဉ်မှာပဲ မိခင်ဖြစ်သူကို တွေ့ရှိသွားပြီး၊ ၁၈ လက်မ အရှည်ရှိတဲ့ ဓားနဲ့ ခုတ်တာ” လို့ ပြောပါတယ်။
ဓားနဲ့ အခုတ်ခံရမှုကြောင့် အသက် ၆၀ အရွယ် မိခင်ဖြစ်သူ ဒေါ်မီဂေါဟာ ၀ဲဘက်ပါးမှာ ၆ လက်မလောက် ပြတ်ရှဒဏ်ရာ (၁) ချက် နဲ့ ယာနောက်စေ့မှာ ၃ လက်မလောက် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ၀ဲလက် လက်သူကြွယ်မှာ ပြတ်ရှ ဒဏ်ရာ ၁ ချက် စတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို ကားနဲ့ သယ်ဆောင်လာစဉ် လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
သားဖြစ်သူ ရေလာမီဟာ မူးယစ်ဆေးဝါးတွေ သုံးစွဲထားပြီး စိတ်ကစဥ့်ကလျားဖြစ်ကာ မိခင်ဖြစ်သူကို မသေမချင်း ဓားနဲ့ ခုတ်သတ်တာလို့ မယ်လိတ်ပါကော်ရွာသားတဦးက ပြောပါတယ်။
လူသတ်မှုနဲ့ ပတ်သက်ပြီး တာချီိလိတ်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးကျော်သန်းက အမှုစစ်အဖြစ် ဆောင်ရွက်နေပြီး (ပ) ၂၅၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ နဲ့ တရားခံကို အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - ကိုဇက်