တပ်စခန်းများ ရွှေ့ပြောင်းရေး ရှမ်းပြည်တပ်မတော် ပြန်လည်ဆွေးနွေး
နန်းမြနဒီ
·
November 27, 2015
ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆော်ရေး လုပ်ငန်းကော်မတီနဲ့ ဆွေးနွေးခဲ့တဲ့ အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ ကိုယ်စားလှယ်တွေဟာ နှစ်ဘက်မူအားဖြင့် သဘောတူညီချက် ၆ ရပ် ရခဲ့တဲ့အပေါ် ဗဟိုကော်မတီအဖွဲ့ထံ တင်ပြ ဆွေးနွေးပါတယ်။
အစိုးရကို ၃၀ ရက်နေ့မတိုင်ခင် ပြန်လည်အကြောင်းကြားရမှာဖြစ်တဲ့အတွက် ဆွေးနွေးသ ဘောတူခဲ့တဲ့ အချက်တွေထဲက တပ်ရွှေ့ပြောင်းရေးကိစ္စကို အဓိကဆွေးနွေးနေတယ်လို့ ပြန်ကြားရေးဌာနက ဗိုလ်မှူး စိုင်းခမ်းက ဒီဗွီဘီကို ပြောပါတယ်။
“အစိုးရဘက်က ကျနော်တို့ကို မိုင်းရှူးနဲ့ မိုင်းနောင်ကားလမ်း တောင်ဘက်ကနေ မြောက်ဘက်ကို ပြောင်းရွှေ့နေထိုင်ဖို့ ပြောထားတဲ့ကိစ္စလေ အဲဒါဆွေးနွေးနေပါတယ်။ နောက်ပြီးတော့ ရန်ကုန်ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းတွေပေါ့။”
သူတို့အနေနဲ့ အဲဒီနေရာတွေမှာ နေထိုင်လာတာကြာပြီဖြစ်ကြောင်း၊ ဒါပေမယ့် အစိုးရ တပ်ဘက်က တာ့ဖာဆောင်ကူးတို့ဆိပ်ဘက်မှာရော၊ ဒီဘက်မှာပါ စခန်းတခုပြီးတခု နောက်ဆုတ်ခိုင်းနေပြီး၊ ၀မ်ဟိုင်းအပြင် နေစရာမရှိတော့ကြောင်း၊ ဒါပေမယ့် အစိုးရတပ်ဘက်ကတော့ နောက်ဆုတ်သွားတာမရှိဘဲ ရှေ့ကိုသာ တိုးလာသလို အင်အားတွေလည်း ဖြည့်လာတယ်လို့ သူကဆက်ပြောပါတယ်။
“ကျနော်တို့က နောက်ဆုတ်ပေးလိုက်တိုင်း သူတို့က ရှေ့ကိုတိုးတိုးလာတယ်လေ။ တပ်အင်အားတွေလည်း ဖြည့်တယ်၊ အကူတပ်တွေက ကျေးသီးဘက်ကနေရော၊ နောင်ဆွမ်း ဘက်ကရော၊ တောင်ဘက် ပန်ဝိုးရွာဘက်ကနေပါ ၀င်လာတယ်၊ အမှန်က ကျနော်တို့ဘက်က လုံးဝ တိုက်ခိုက်ချင်တာမဟုတ်ပါဘူး။”
ပြီးခဲ့တဲ့အောက်တိုဘာ ၆ ရက်နေ့ကစပြီး ထိုးစစ်ဆင်ခံရပြီးတဲ့နောက်ပိုင်း မိုင်းရှူးမြို့နယ်ထဲက တာဆမ်ပူး၊ လွယ်လာကန်၊ ကုန်းနင်၊ လွယ်ယူ၊ နမ့်မော်ခုမ်နွဲ့ နဲ့ နမ့်ပန်ချောင်းအရှေ့ ဘက်ကမ်းက စခန်းတွေလည်း ဖယ်ပေးခဲ့ပြီးဖြစ်တယ်လို့ အက်အက်စ်ပီပီ/အက်စ်အက်စ်အေက ပြောပါတယ်။
အက်အက်စ်ပီပီ/အက်စ်အက်စ်အေ ကိုယ်စားလှယ်တွေ နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ နောက်ပိုင်း ကနေ့ထိ တိုက်ပွဲမရှိဘဲ ငြိမ်သက်နေပါတယ်။
အဲဒီအနီးနားတ၀ိုက်က ရွာသားတွေလည်း ဘယ်သူမှ ပြန်မလာရဲသေးကြောင်း၊ စပါးရိတ်သွားတဲ့ ရွာသားတွေ သေနတ်ပစ်ခံရတာ ရှိတဲ့အတွက် ၀င်းမှည့်နေတဲ့ စပါးခင်းတွေကို အဝေးက သာမျှော်ကြည့်နေရတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၆ ရက်ကစ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် မြို့နယ် ၃ ခုက ရွာသား ၁ သောင်းကျော် စစ်ဘေးရှောင်နေရပါတယ်။
ရှမ်းပြည်တပ်မတော်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့ကြား ဆွေးနွေးပွဲမှာ နှစ်ဘက်ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ဖို့၊ နှစ်ဘက် ပဋိပက္ခကြောင့် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်း ၁၇ ကျောင်း အမြန်ဆုံး ပြန်ဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ မူအရ သဘောတူညီခဲ့ကြပါတယ်။
အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေဟာ ယူအန် အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်ပြီး ယူအန်အက်ဖ်စီမူအရ တနိုင်ငံလုံး အပစ်ခတ်ရပ်စာချုပ်ကို အားလုံးပါဝင်မှသာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားပါတယ်။