မုံရွာမြို့အနီး မြေငလျင်လှုပ် စေတီဘုရားအချို့ ပျက်စီး

ဓာတ်ပုံ - အမ်အိုအိုင်

1.4K
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အနီးမှာ ဒီနေ့ နိုဝင်ဘာ ၂၇ရက် မွန်းလွဲပိုင်းက အင်အား အသင့်အတင့်ရှိ မြေငလျင် တခုလှုပ်ခတ်သွားတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် ၁၅ နာရီ၊ ၀၄ မိနစ်၊ ၁၈ စက္ကန့် အချိန် မန္တလေး မြေငလျင်စခန်း အနောက်မြောက်ဘက်မိုင် ၉၀ ခန့်အကွာ မြန်မာနိုင်ငံ ပြည်တွင်း မုံရွာမြို့ အနောက်မြောက်ဘက် ၃၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၅.၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။
ငလျင်ဒဏ်ကြောင့် ကနီမြို့ ရွှေမြင်းဖြူတောင်ပေါ်ရှိ ရွှေမြင်းဖြူဘုရား ပျက်စီးသွားတယ်လို့ ကနီမြို့နယ် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းနိုင်က ပြောပါတယ်။
“ရွှေမြင်းဖြူတောင်ပေါ်က ရွှေမြင်းဖြူဘုရား ပြတ်ကျသွားတယ်လို့ ကြားတယ်ဗျ။ တော်တော် သိသိသာသာလှုပ်တယ်ဗျ၊ ကျနော် ကနီက သမင်ခြံမှာ ရောက်နေတယ်၊ အဆောက်အဦတွေ တုန်ခါသွားအောင် လှုပ်တယ်။”
လတ်တလောမှာတော့ တခြားပျက်စီးမှုရှိမရှိ စုံစမ်းမေးမြန်းနေတုန်းပဲလို့လည်း ပြောပါတယ်။