Live
Home
မေးမြန်းခန်း
အစိုးရသစ်က ခရိုနီတွေကို အကောင်းဆုံးကိုင်တွယ် စီမံခန့်ခွဲနိုင်ဖို့လိုမယ် - ဦးမော်သန်း
DVB
·
November 27, 2015
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ပါတီစုံရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်လောက်တဲ့အထိ လွှတ်တော်ကိုယ်စားလှယ်နေရာ အများအပြားမှာ အနိုင်ရရှိခဲ့ပါတယ်။ အစိုးရသစ်လက်ထက်မှာ ပြောင်းလဲကျင့်သုံးလာနိုင်ဖွယ်ရှိတဲ့ စီးပွားရေး အခင်းအကျင်းတွေနဲ့ ပတ်သက်လို့ စီးပွားရေး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဦးမော်သန်းနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲရလဒ်အရ အစိုးရသစ်တရပ်ကိုလည်း မကြာခင် ဖွဲ့စည်းရတော့မယ်။ အဲဒီတော့ လာမယ့် အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခင်းအကျင်းက ပြောင်းလဲလာဖို့ ရှိတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ဆရာ့အမြင်လေး သိပါရစေ။ "စီးပွားရေးသည် တိုင်းပြည်တပြည်ရဲ့ ကံကြမ္မာမှာ အင်မတန် အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ ပြီးခဲ့တာတွေ အနေနဲ့ကလည်းပဲ စီးပွားရေး အခင်းအကျင်း ပြုပြင်ပြောင်းလဲပြီးတော့ တိုးတက်နိုင်တဲ့ အနေအထားမျိုး ရှိတယ်ဆိုတော့ ပြည်သူလူထုက မျှော်လင့်တယ် ဆိုတာကလည်း အံ့သြစရာ မရှိပါဘူး။ မျှော်လင့်မှာပါပဲ။" လာမယ့်အစိုးရသစ်အနေနဲ့ စီးပွားရေးဆိုင်ရာ အခင်းအကျင်းတွေကို ပြောင်းလဲမယ်ဆိုရင် ဘယ်အပိုင်းကနေပြီးတော့ စပြီးတော့ ပြောင်းလဲဖို့လိုမလဲ၊ ဒီအတွက် စိန်ခေါ်မှုတွေက ဘာတွေရှိမလဲ။ "စိန်ခေါ်မှုအနေနဲ့ကတော့ ပြည်သူလူထုကတော့ ယုံကြည်စွာနဲ့ သူတို့မျှော်လင့်တဲ့အဖွဲ့ကို မဲပေးပြီးပြီ။ အဲဒီတော့ ဒီအဖွဲ့ကနေပြီးတော့ အစိုးရအဖွဲ့အဖြစ် ဖွဲ့ပြီးတဲ့အခါမှာ ကိုယ့်တာဝန်ကို ကျေအောင်လုပ်ဖို့ လိုပြီပေါ့နော်။ ကိုယ့်တာဝန် ကိုယ်ကျေဖို့။ အဲဒီတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခင်းအကျင်းလို့ ပြောရင်တော့ ပြည်တွင်းမှာရှိတဲ့ ပြည်တွင်းအားပေါ့။ ပြည်တွင်းက ရင်းနှီးမြှုပ်နှံတဲ့ ပုဂ္ဂိုလ်တွေ၊ ဒါတွေလည်းပဲရှိတယ်။ နောက်ပြီးတော့ ပြည်ပကနေပြီးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်းပဲ ဒါတွေလည်း ပိုပြီးတော့ပေါ့လေ ဘ၀င်ကျစွာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေပြုမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ ဘ၀င်ကျစွာနဲ့ လုပ်နိုင်တဲ့ အနေအထားမျိုး တခုလည်းပဲ ရှိနေပြီလို့ ဆရာတော့ ယုံကြည်ပါတယ်။" စီးပွားရေးအခင်းအကျင်းကို ပြောင်းလဲဖို့အတွက် ဘာတွေ ဦးစားပေး ပြောင်းလဲရမယ်ဆိုတဲ့ အပိုင်းလေး သိချင်လို့ပါခင်ဗျ။ "စီးပွားရေးအခင်းအကျင်း ပြောင်းမယ်ဆိုရင်လည်းပဲ အမှန်ကတော့ မြန်မာနိုင်ငံအနေနဲ့က ရေမြေတောတောင်သဘာဝ အင်မတန်မှ ဗမာပြည်မှာ အင်မတန်မှ ကုသိုလ်ကံကောင်းတယ်။ ကုသိုလ်ကံကောင်းတော့ ကျနော်တို့ သယံဇာတ ပစ္စည်းပစ္စယ ရောင်းရငွေတွေ၊ တကယ်အမှန်အကန် အစိုးရဘတ်ဂျက်ထဲဝင်မယ်၊ နောက်တခုက အစိုးရပိုင်ဆိုင်ထားတဲ့ တချိန်တုန်းက ပြည်သူပိုင်လုပ်ငန်းတွေကနေပြီးတော့ မြေတွေ၊ စက်ရုံအဆောက်အဦတွေ၊ ဘာတွေ ဒါတွေကိုရောင်းတယ်။ ရောင်းတဲ့အခါကျရင်လည်းပဲ  ထိုက်တန်တဲ့ဈေးနဲ့သာ ရမယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးက အများကြီး ဒါက အထောက်အကူ အများကြီးဖြစ်မယ်။ အထောက်အကူအများကြီး ဖြစ်ပြီးတော့ ဒါလေးနဲ့တင်ကိုပဲ အခြေအနေက တော်တော်ကောင်းနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဒီအပြင် အခုနပြောသလို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆိုရင် ဒီရင်းနှီးမြှုပ်နှံမှုသည် ကျနော်တို့ ပို့ကုန်တင်ပို့နိုင်တဲ့ အမယ်တွေ ဒါတွေကို ရင်းနှီးမြှုပ်နှံမယ်။ နောက်ပြီးတော့ ပို့ကုန်တင်ပို့နိုင်တဲ့ အမယ်တွေထဲကနေပြီးတော့ ပြည်တွင်းသုံးစွဲမှုအတွက်လည်းပဲ အထောက်အပံ့ရတယ်ဆိုရင် သွင်းကုန်လည်းပဲ လျှော့ချနိုင်မယ်။ လျှော့ချနိုင်တော့ ဒါအနေနဲ့ကိုက စီးပွားရေးမှာ အတော် အထောက်အပံ့ဖြစ်ပါမယ်။ နောက်ပြီးတော့လည်းပဲ ဒါ ကျနော့်အယူအဆပေါ့နော်။ အာဏာကိုင်စွဲတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဘယ်လိုမြင်သလဲတော့ မသိဘူးပေါ့လေ။ သို့သော် ကိုယ့်မြန်မာနိုင်ငံအနေနဲ့ ကျနော်တို့ကလည်း လယ်ယာစိုက်ပျိုးရေးနိုင်ငံ။ လူဦးရေ အတော်များများ အလုပ်အကိုင်ကလည်းပဲ လယ်ယာစိုက်ပျိုးရေးမှာ အများကြီး အားထားရတယ်။ အဲဒီတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့ တိုးတက်ဖွံ့ဖြိုးအောင်၊ တဘက်ကလည်းပဲ အစိုးရအနေနဲ့ တောင်သူလယ်သမားတွေကို အထောက်အပံ့ ကျနော်ထင်တယ် ပေးမယ်ဆိုရင်၊ လယ်ယာကဏ္ဍသာ တိုးတက်မယ်ဆိုရင် တိုင်းပြည်ရဲ့ အားကိုးစရာကလည်းပဲ အလုပ်အကိုင်အားဖြင့်ရော၊ ထုတ်ကုန်အားဖြင့်ရော ဒါတွေလည်းရှိမယ်။ လယ်ယာကထွက်လာတဲ့ ကုန်ပစ္စည်းတွေပေါ်မှာ ထပ်ဆင့်ပြီးတော့ တန်ဖိုးဖြည့်စွက်လိုက်မယ်၊ ထုတ်လုပ်မှုတွေ လုပ်လိုက်မယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးက အများကြီး ကောင်းလာမယ်လို့ ပြောချင်တယ်။" ရွေးကောက်ပွဲ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတဲ့အပေါ်မှာ နိုင်ငံတကာကလည်း ချီးကျူးပြောဆိုသလို အကူအညီတွေ ပေးသွားဖို့ ဆိုပြီးတော့လည်း ပြောနေတာမျိုးလည်း ကြားနေရပါတယ်။ အစိုးရသစ်လက်ထက်မှာ လက်ရှိ ရှိနေတဲ့ စီးပွားရေးထက် ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာက ဘယ်လောက်ထိရှိနိုင်လဲ။ "ဖွံ့ဖြိုးတိုးတက်မှု အလားအလာကတော့ ကျနော်ထင်တယ် ၇၅ ရာခိုင်နှုန်းလောက်ပေါ့လေ။ ၇၅ ရာခိုင်နှုန်းလောက်ကို တိုးတက်လာနိုင်တယ်။ တိုးတက်လာတဲ့ အခါကျတော့ အရေးကြီးတာက ဘာလဲဆိုရင် ပြုလုပ်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ ထွက်လာမယ့် အပိုင်းတွေမှာ တခါတည်း ထိထိရောက်ရောက် ဖြစ်ဖို့လိုတယ်။ ထိထိရောက်ရောက် ဖြစ်ဖို့လိုပြီးတော့ အစိုးရကနေပြီးတော့ ကိုယ်ပိုင်လုပ်တဲ့ Project (စီမံကိန်း) တွေမှာဆိုလည်းပဲ  ထိထိရောက်ရောက် ဖြစ်ဖို့လိုတယ်။ အသုံးစရိတ် ခြိုးခြံချွေတာပြီးတော့ လုပ်ဖို့လိုမယ်၊ ကျနော့်အနေနဲ့ကတော့ နိုင်ငံခြားအားကိုးတာကတော့ အားကိုးပေါ့လေ။ သို့သော်လည်းပဲ နိုင်ငံခြားအားကိုးပြီးတော့ နိုင်ငံခြားက ချေးငွေတွေဘာတွေ ရတယ်ဆိုရင် ဂရုစိုက်သုံးစွဲဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေက အလကားမရဘူး။ တချိန်ကျရင် ပြန်ဆပ်ရမှာ။ ဒီချေးငွေရတဲ့ကိစ္စရပ်တွေမှာ တကယ့်ကို ထိထိရောက်ရောက် စီမံခန့်ခွဲပြီး သုံးဖို့လိုတယ်။ မဟုတ်လို့ရှိရင်တော့ နောင်လာနောက်သားတွေအပေါ်မှာ ၀န်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်တယ်၊ ချေးငွေတွေဟာ။ ချေးငွေတွေကလည်း အများကြီး၊ ဟုတ်လား နိုင်ငံတကာကရော တိုင်းပြည်ကို မစချင်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ သို့သော်လည်းပဲ အဲဒီလို မစချင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာမှာ ကမ္ဘာ့အဖွဲ့အစည်းတွေပေါ့လေ။ ကမ္ဘာ့အဖွဲ့အစည်းတွေ အနေနဲ့ကတော့ ဟုတ်တယ်။ သို့သော် ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေကတော့ သူကလည်း သူ့အကျိုးစီးပွား မျှော်ပြီးတော့ ရင်းနှီးမြှုပ်နှံတာ။ အဲဒီတော့ ရင်းနှီးမြှုပ်နှံတဲ့ နေရာတွေမှာ ချေးငွေလည်းရမယ်။ ချေးငွေတွေနဲ့ ပတ်သက်ပြီးတော့ သုံးစွဲတဲ့အခါမှာ တကယ့်ကို ထိထိရောက်ရောက် မှန်မှန်ကန်ကန်နဲ့၊ စရိတ်ခြိုးခြံ ချွေတာစွာနဲ့ သုံးဖို့လိုတယ်။" တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ငွေကြေးစနစ်တွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာရှိတော့လေ၊ လက်ရှိ ပြည်တွင်း ငွေရေးကြေးရေး စနစ်တွေက အားအင်ချည့်နဲ့နေတဲ့အပြင် အမေရိကကလည်း စီးပွားရေး ပိတ်ဆို့ထားတာကို ခံနေရတယ်ပေါ့နော်။ ဒါကြောင့် အစိုးရသစ်လက်ထက်မှာ ဘဏ်လုပ်ငန်း အပါအ၀င် ငွေရေးကြေးရေးတွေနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ် ဖြေရှင်းလို့ရနိုင်မလဲ။ "ငွေရေးကြေးရေး အပိုင်းကတော့ အရေးကြီးတယ် ဆိုတာကတော့ ခင်ဗျားတို့ ကျနော်တို့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးကဲ့သို့ ငွေရေးကြေးရေးက ပြည်သူလူထုအတွင်းမှာ လှည့်ပတ်နေတဲ့ ငွေကြေးက တိုင်းပြည်တွင်းမှာ စီးဆင်းနေတဲ့ သွေးလိုပဲ အင်မတန် အရေးကြီးတယ်။ အဲဒီတော့ စောစောက ဘဏ်တွေနဲ့ ပတ်သက်ပြီးတော့လည်းပဲ ပုဂ္ဂလိကဘဏ်တွေရှိတယ်၊ နိုင်ငံတော်ကဏ္ဍကလည်း ဘဏ်တွေရှိတယ်။ ဒီဘဏ်တွေအနေနဲ့ ပတ်သက်ပြီးတော့ ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ကတော့ တဘဏ်နဲ့တဘဏ် ပြိုင်ဆိုင်ပြီးတော့ တော်တော်ကို အားရစရာကောင်းတယ်။ အဲဒီတော့ နိုင်ငံပိုင်ဘဏ်ပေါ့လေ။ နိုင်ငံပိုင်ဘဏ်ဆိုတာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကနေ ကြီးကြပ်တဲ့ဘဏ်တွေပေါ့။ ဒီဘဏ်တွေအနေနဲ့ကလည်းပဲ တိုင်းသူပြည်သားအနေနဲ့ အပ်ငွေတွေ လုပ်မယ်ဆိုရင် နိုင်ငံတော်ဘဏ်တွေကို လူတွေက စိတ်ချယုံကြည်တယ်။ စိတ်ချယုံကြည်တယ်ဆိုတော့ သို့သော်လည်းပဲ ဒီနိုင်ငံပိုင်ဘဏ်တွေအနေနဲ့ အကျိုးအမြတ်ရှိအောင် လုပ်ဖို့လိုမယ်ပေါ့နော်။ အဲဒီတော့ ငွေရေးကြေးရေးစနစ် အနေနဲ့ကလည်းပဲ အဓိကအားဖြင့်ကတော့ မပြိုကွဲသွားဖို့၊ မပြိုလဲသွားဖို့။ ပြိုလဲသွားတယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးပြတ်ပြီးတော့ ဒုက္ခရောက်တဲ့အနေမျိုးဖြစ်မယ်။ ဒီမှာလည်းပဲ ဗဟိုဘဏ်အနေနဲ့ကလည်းပဲ သေသေချာချာ ကောင်းကောင်းမွန်မွန်တော့ ကြပ်မတ်နေပါတယ်။ နောက်ပြီးတော့လည်းပဲ ဒီဘဏ်ကဏ္ဍမှာ နိုင်ငံခြားဘဏ် ၉ ခုလည်းပဲ လိုင်စင်ပေးလိုက်ပြီ။ တကယ်တော့ ယှဉ်ပြိုင်မှုသည် ကိုယ့်အရည်အချင်း တိုးတက်ဖို့ရာအတွက်ပဲ။ အဲဒီတော့ ပြည်တွင်းမှာ ပုဂ္ဂလိကဘဏ်တွေရှိတယ်၊ ပြည်ပက နိုင်ငံခြားဘဏ်တွေရှိတယ်။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံတော်ဘဏ်တွေရှိတယ်။ ဒါတွေဟာဆိုရင် အရင်တုန်းကလို ကိုယ်ထင်တိုင်းကြဲလို့ မရတော့ဘူး။ ပြည်ပက ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ရမယ်။ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်တဲ့ အခါကျရင်လည်းပဲ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကပိုင်ဘဏ်တွေ အနေနဲ့ကတော့ ကျနော်ထင်တယ်၊ ပြိုင်ဆိုင်နိုင်အောင် သူတို့ ကိုယ့်ဟာကိုယ် ကြိုးစားရမှာပဲ။ ပြိုင်ဆိုင်လည်း ပြိုင်ဆိုင်နိုင်မှာပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်တိုင်းပြည်ဗျာ။ ကိုယ့်တိုင်းပြည်မှာရှိတဲ့ ပရိသတ်ရဲ့ လိုလားချက်၊ ဆန္ဒ။ ဒီပြည်တွင်းမှာရှိတဲ့ ဘဏ်တွေထက် ပြည်ပကလာလုပ်တဲ့သူက ပိုသိမလားဗျာ။ အဲဒီတော့ ကိုယ့်ကွင်းမှာ ကန်ရတဲ့ ပွဲပေါ့လေ။ ကိုယ့်ကွင်းမှာ ကန်ရတဲ့ပွဲဆိုတော့ ပြိုင်ဆိုင်နိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်။" နိုင်ငံတော်ပိုင်ဘဏ်တွေ အနေနဲ့ကျတော့ လုံလောက်တဲ့ အရည်အသွေးမျိုးလည်း မရှိဘူးပေါ့နော်။ နောက်ပြီးတော့ မြန်မာ့စီးပွားရေးကို တချိန်လုံး စောင့်ကြည့်နေတဲ့ ရှောင်တားနားကနေ ပြောထားတာ တခုရှိပါတယ်။ သူက နောက်တက်လာမယ့် အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်ပိုင်ဘဏ်တွေ အနေနဲ့ အကျပ်အတည်းတွေ ရှိလာမယ်၊ ပြောင်းလဲမှုတွေ လုပ်ရမယ်လို့ ထောက်ပြထားပါတယ်။ အဲဒီအပေါ်မှာ အမြင်ဘယ်လိုရှိပါသလဲ။ "အဲဒါကလည်း နိုင်ငံပိုင်ဘဏ်တွေအနေနဲ့ သူက ယှဉ်ပြိုင်မှုမရှိဘူးဆိုရင် အစွမ်းဆောင်ဆုံးပုဂ္ဂိုလ်ပဲ ကျန်ခဲ့မယ်။ သူတို့ကတော့ လဲသွားမှာပဲ။ သူတို့အနေနဲ့ကလည်းပဲ ဒါ သူတို့အနေနဲ့ ဥပမာအားဖြင့်ဗျာ နိုင်ငံပိုင်ဘဏ်တွေမှာဆိုရင် မန်းနေးဂျင်းဒါရိုက်တာ၊ အုပ်ချုပ်မှုဒါရိုက်တာတွေရှိတယ်။ အကြီးတန်းဝန်ထမ်းတွေရှိတယ်။ ဒါ သူတို့ရဲ့ ရှင်သန်ရေးအတွက် ဒါ ကျနော်ယုံကြည်တယ်၊ Product အမယ်အသစ်တွေပေါ့လေ ထုတ်လုပ်လာမယ်။ သူတို့ကလည်းပဲ တဘက်က ပြည်သူလူထုအနေနဲ့က နိုင်ငံတော်ဘဏ်တွေ အနောက်မှာ နိုင်ငံရှိတယ်ဆိုပြီး ယုံကြည်မှုကတော့ ပုဂ္ဂလိကဘဏ်တွေထက် တပန်းသာတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီတော့ နိုင်ငံတော်ဘဏ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မန်းနေးဂျင်းဒါရိုက်တာပေါ့လေ၊ အုပ်ချုပ်မှုဒါရိုက်တာတို့ကအစ ကျနော်ထင်တယ်။ သူတို့လည်းပဲ သူတို့ရဲ့အလုပ်အကိုင်၊ သူတို့ရဲ့ ရပ်တည်မှုက ဒီအပေါ်မှာ တည်တာကိုး။ အဲဒီတော့ ဒါကို သူတို့ လိုက်ယှဉ်ပြိုင်မှာပါပဲ။ ယှဉ်ပြိုင်နိုင်ပါတယ်။" အရင်တုန်းက ရင်းနှီးမြှုပ်နှံသူတွေက ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်မယ်ပြောတယ်။ အခု ရလဒ်က ထွက်လာပြီဆိုတော့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အလားအလာက ဘယ်လိုရှိမလဲ။ "မြန်မာနိုင်ငံအနေနဲ့ကလေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံနဲ့ ပြိုင်နိုင်တဲ့နိုင်ငံက တော်တော်နည်းတယ်။ တော်တော်နည်းတယ်ဆိုတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံအတွင်းမှာ အများကြီး ကျရောက်ဆင်းသက်လာမယ်။ အဲဒီတော့ သူတို့ကိုလည်းပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လာတဲ့အခါကျရင် နေရာမှန်၊ ကဏ္ဍမှန်ဆိုတာက နိုင်ငံခြားပို့ကုန်တွေ၊ အမယ်သစ်ထုတ်လုပ်နိုင်တဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ အားပေးတာတွေ၊ အားပေးတာကလည်း နိုင်ငံတော်အနေနဲ့က Incentive မက်လုံးပေးပြီး တကယ်ထောက်ပံ့ဖို့ လိုတယ်။ ထောက်ပံ့ရင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာမယ်။ လယ်ယာစိုက်ပျိုးရေးကထုတ်တဲ့ ထုတ်ကုန်တွေကနေပြီးတော့ တန်ဖိုးဖြည့်စွက်တဲ့ ထုတ်လုပ်မှုတွေလည်း တိုးလာမယ်။ ဒါတွေအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကတော့ ရွေးကောက်ပွဲကို စောင့်နေတယ်ဆိုတာ တော်တော်များများ ကတိက၀တ်တော့ လုပ်ထားတယ်။ ဒါပေမယ့်လို့ ပိုက်ဆံက ၀င်မလာသေးဘူး။ "ရွေးကောက်ပွဲရလဒ်ကလည်းပဲ ကျနော်ထင်ပါတယ်၊ သူတို့အနေနဲ့က ရွေးကောက်ပွဲရလဒ်သည် သူတို့အတွက် မျှော်လင့်ချက် တိုးစေမယ့် ရလဒ်မျိုးလို့ ကျနော်တော့ ထင်ပါတယ်။ ထင်တယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက တိုးလာမှာ သံသယရှိစရာ မရှိဘူး။ အဲဒီတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမပြောနဲ့၊ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့က ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုရင် ဟာ နေပါဦး၊ ရွေးကောက်ပွဲလေးတော့ စောင့်လိုက်ပါဦး၊ ရွေးကောက်ပွဲပြီးမှ။ ကျနော့်အသိတယောက်ဆိုရင် သူ့မြေကြီးရောင်းဖို့ကိစ္စ၊ သူ့တူလေးက ပြောတယ်တဲ့ ရွေးကောက်ပွဲစောင့်လိုက်ပါဦး၊ ရွေးကောက်ပွဲပြီးမှပဲ ရောင်းဖို့၊ ပြုဖို့ဆိုတယ်။ အဲဒီတော့ နိုင်ငံခြားသားတွေအနေနဲ့က ရွေးကောက်ပွဲကို ရလဒ်ကို စောင့်တယ်ဆိုတာလည်းပဲ  အံ့သြစရာမရှိပါဘူး။" ဆရာပြောသွားတဲ့အထဲမှာ လယ်ယာစိုက်ပျိုးရေးပေါ့၊ ကျနော်တို့နိုင်ငံမှာ လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြည့်မယ်ဆိုရင် oil and gas and power (ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ စွမ်းအင်) ရယ် အဓိက ထိပ်ဆုံးမှာ ရောက်နေပါတယ်။ ကျနော် လယ်ယာလုပ်ငန်းခွင်မှာ လုပ်နေသူတွေကို မေးကြည့်တဲ့အခါမှာ လယ်ယာလုပ်ငန်းနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူတွေ မရှိရတဲ့ အကြောင်းရင်းကတော့ အက်ဖ်ဒီအိုင် (နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု) တွေ ခွင့်မပြုလို့ ဖြစ်ပါတယ်။ ဒါကြောင့် အက်ဖ်ဒီအိုင်ကို ခွင့်မပြုတာက ဘယ်လိုအကြောင်းကြောင့်များ ခွင့်မပြုတာလဲ၊ ကန့်သတ်ထားတာလဲဆိုတာ ပြောပြပေးပါခင်ဗျ။ "အက်ဖ်ဒီအိုင်ကို ခွင့်မပြုဘူးဆိုတာက လယ်ယာကဏ္ဍအနေနဲ့ ခွင့်မပြုဘူးဆိုတာ ခင်ဗျားပြောမှပဲ ကျနော်သိတယ်။ လယ်ယာကဏ္ဍမှာလည်းပဲ ကျနော်ထင်တယ် ခွင့်ပြုရုံတင်မကဘူး၊ ကျနော် ခုနက ပြောသလိုပဲ အစိုးရက စွဲဆောင်မှုအနေနဲ့ ထိုက်သင့်တဲ့ ထောက်ပံ့ကြေးတွေတောင် ပေးပြီး စွဲဆောင်ဖို့လိုပါတယ်။ လယ်ယာကဏ္ဍသည် တိုင်းပြည် ပြည်သူလူထုရဲ့ ၇၀ ရာခိုင်နှုန်း အလုပ်အကိုင်တွေဖန်တီးတဲ့ ကဏ္ဍဖြစ်တယ်။ နောက်ပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လယ်ယာကဏ္ဍသည်လည်းပဲ တ၀က်ကျော် ဂျီဒီပီ (စုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုး) မှာ ပါပါတယ်။ ဒါကြောင့်မို့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးဖို့ရာအတွက် ကန့်သတ်မှုတွေလည်း အစိုးရသစ်အနေနဲ့ ကျနော့်အမြင် အယူအဆအရတော့ လယ်ယာကဏ္ဍကို ဦးစားပေးပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။ အဲဒီတော့ ပြည်ပကနေ လာပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့ သူတွေကလည်း တကယ်တော့ အကျိုးအမြတ်လိုချင်လို့ လာတာ။ အဲဒီတော့ အကျိုးအမြတ်ရှိအောင် ထိုက်သင့်တဲ့ ထောက်ပံ့မှုမျိုး ပေးတယ်ဆိုရင် ကျနော်ထင်တယ် တိုင်းပြည်အတွက်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကနေတဆင့် သူတို့လည်း အကျိုးရှိစေ၊ တိုင်းပြည်လည်း အကျိုးရှိစေဖြစ်မှာပါ။" အစိုးရပိုင်လုပ်ငန်းတွေနဲ့ ပုဂ္ဂလိက အခန်းကဏ္ဍကို မေးချင်ပါတယ်ခင်ဗျ။ လက်ရှိမှာ အစိုးရပိုင် လုပ်ငန်းတွေဟာ အရှုံးပေါ်နေတာ၊ နောင်တက်မယ့် အစိုးရသစ်အနေနဲ့ အစိုးရပိုင် အရှုံးပြနေတဲ့ လုပ်ငန်းတွေကို ဘယ်လိုကိုင်တွယ်လို့ ရနိုင်မလဲဆိုတာ သိချင်ပါတယ်။ "မြန်မာနိုင်ငံမှာသာ မကပါဘူး။ အင်မတန်မှ နိုင်ငံပိုင်လုပ်ငန်းတွေကို ကိုင်တွယ်တဲ့ နေရာမှာ အစွမ်းထက်တယ်ဆိုတဲ့ ပြင်သစ်နိုင်ငံမှာလည်းပဲ နိုင်ငံပိုင်လုပ်ငန်းတွေက ရှုံးတာပဲ။ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိက ပြုလုပ်ရေးပေါ့။ ပုဂ္ဂလိကလက်ထဲကို လွှဲပြောင်းပေးရမယ်။ သို့သော် ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပေးတဲ့အခါမှာ စောစောကပြောတဲ့ထဲလည်းပါတယ်။ လွှဲပြောင်းရင် တန်ရာတန်ကြေးတော့ ရအောင် လွှဲပေးရမယ်။ အဲဒီတော့ အကောင်းဆုံးကတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ပေးတယ်ဆိုတာထက် Corporatization (နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းခြင်း) ပေါ့။ လူအများကနေပြီးတော့ ကော်ပိုရေးရှင်းကြီးထဲမှာ ရှယ်ယာပါတယ်။ အဲဒီတော့ ဒီကော်ပိုရေးရှင်းကြီးတွေကို စီမံအုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ကလည်း သမာသမတ်ကျဖို့၊ မှန်မှန်ကန်ကန်လုပ်နိုင်ဖို့ Good Corporate Governance ကော်ပိုရေးရှင်းတွေ အုပ်ချုပ်တဲ့ စနစ်ကောင်းတခု ချမှတ်ပြီးရင် ဒီကော်ပိုရေးရှင်းတွေကို ဦးစီးတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ယုံကြည်စိတ်ချရတယ်ဆိုရင် ပြည်သူလူထုဆီကနေပြီးတော့  ရှယ်ယာခေါ်ပြီးတော့ Corporatization၊ အစိုးရလက်ထဲမှာ ထားဖို့ကတော့ ဘယ်လိုမှ။ အစိုးရဆိုတာက ကုန်သည်လုပ်ဖို့လည်း မဟုတ်ဘူး။ အစိုးရဆိုတာ အစိုးရဖို့ပဲ။ အုပ်ချုပ်ဖို့ပဲ။ အဲဒီတော့ အစိုးရလက်ထဲမှာ စီးပွားရေးလုပ်ငန်းတွေ ရှိနေတယ်ဆိုတာကိုက သိပ်သဘာဝမကျတဲ့ကိစ္စ။" တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ ပုဂ္ဂလိက အခန်းကဏ္ဍကလည်း အရေးပါတဲ့ နေရာတခု ဖြစ်တာကိုး။ အစိုးရသစ်အနေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အရင် ဦးစားပေး လုပ်ဆောင်ရမယ့်အရာက ဘာတွေဖြစ်မလဲ။ "အရင်ဦးဆုံးကတော့ တိုင်းပြည်မှာ Capacity Building (အရည်အသွေးမြှင့်တင်ရေး) ပေါ့။ လုပ်သားထုတွေအနေနဲ့ အရည်အချင်းပြည့်တဲ့ လုပ်သားတွေ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းတွေကနေ တာဝန်ပေး လုပ်ဆောင်စေနိုင်ဖို့ အဲဒီ Capacity Building။ Capacity Building အပြင် တဘက်ကလည်း စွမ်းအင်တို့၊ ဘာတို့။ စွမ်းအင်ဆိုတာ လျှပ်စစ်ဓာတ်အားပေါ့၊ လျှပ်စစ်ဓာတ်အားနဲ့ လုံလုံလောက်လောက် ပေးနိုင်ဖို့။ စက်ရုံတွေ လည်ပတ်တဲ့အခါမှာ လျှပ်စစ်ဓာတ်အားပြတ်လို့ ကိုယ်တိုင် မီးစက်နဲ့ လုပ်ရတာမျိုးဆိုတာ အင်မတန် စရိတ်ကြီးတယ်။ အဲဒီတော့ အစိုးရအနေနဲ့က Infrastructure (အခြေခံအဆောက်အအုံ) ခေါ်တဲ့ လျှပ်စစ်ဓာတ်အား ဒါကို ဦးစားပေးပြီးတော့ ရအောင်လုပ်နိုင်ဖို့။ ကိုယ့်တိုင်းပြည်မှာ လျှပ်စစ်ဓာတ်အားဆိုတာ မရှိတာမဟုတ်ဘူး။ ရှိပြီးတော့ သူများကို ရောင်းစားပြီးတော့၊ ကိုယ့်တိုင်းပြည်မှာ ကိုယ်မသုံးဘဲနဲ့ သူများရောင်းစားတာ။ အဲလိုမူမျိုးတွေလည်းပဲ ကျနော်ထင်တယ် အခင်းအကျင်းပြင်ဖို့လိုတယ်။" အခုလောလောဆယ်မှာဆိုရင် ခရိုနီလို့ခေါ်တဲ့ လူတစုရဲ့ စီးပွားရေးကပဲ ကြီးထွားနေတာပေါ့နော်။ တိုင်းပြည်ရဲ့ စီးပွားရေးကတော့ နှေးကွေးနေတယ်၊ အဲဒီတော့ လူတဦးချင်းရဲ့ ၀င်ငွေကွာဟချက်ကလည်း တော်တော်လေးမြင့်နေတာကို တွေ့ရပါတယ်။ ၀င်ငွေကွာဟမှု ကြီးမြင့်လာတာနဲ့အမျှ နောက်ဆက်တွဲ မငြိမ်မသက်မှုတွေ ဖြစ်လာမှာပဲ။ ဆိုတော့ လာမယ့်အစိုးရသစ်အနေနဲ့ ၀င်ငွေကွာဟမှုကို နည်းနိုင်သမျှနည်းအောင် ဘာတွေ ဖြည်းဆည်းဖို့များ လိုမလဲ။ "တခုရှိတာက ခရိုနီလို့ခေါ်တဲ့ တချိန်က လုပ်ပိုင်ခွင့်ရှိသူနဲ့ ပူးပေါင်းပြီးတော့ လုပ်ကိုင်ဆောင်ရွက်တာတွေ အရမ်းကြီးထွားတယ်။ အဲဒီတော့ အစိုးရသစ် အနေနဲ့ကလည်း ဒီခရိုနီတွေ အကုန်လုံးကို စတေးပစ်လိုက်လို့လည်း မဖြစ်ဘူး။ အဲဒီတော့ သူတို့ကို အကောင်းဆုံး ကိုင်တွယ်ပြီးတော့ စီမံခန့်ခွဲနိုင်ဖို့ လိုမယ်ထင်တယ်။ ခရိုနီဆိုပြီးတော့ သူတို့လက်ထဲမှာ တိုင်းပြည်စီးပွားရေး သူတို့လက်ထဲ ရှိနေတာလည်း သဘာဝမကျဘူး။ ပြည်သူရဲ့ လက်ထဲမှာပဲ ရှိရမယ်။ ပြည်သူ့လက်ထဲမှာရှိတော့ ခရိုနီတွေကိုလည်းပဲ မြေမြှုပ်ပြီးတော့ သုတ်သင်ပစ်လိုက်တာမျိုးလည်းပဲ ဖြစ်ဖို့မကောင်းဘူး။ ခရိုနီကလည်း တဖက်တလမ်းက သူ့မှာ အနည်းဆုံးပေါ့ဗျာ အရင်းအနှီးကတော့ သူ့မှာရှိနေတယ်။ အရင်းအနှီးကရှိတော့ သူ့ကို သေသေချာချာ စီမံခန့်ခွဲနိုင်ဖို့လိုတယ်။ သူတို့ကို မြေမြှုပ်ပြီးတော့ သတ်ပစ်လိုက်ဖို့၊ သိမ်းပစ်လိုက်ဖို့လည်းပဲ ကျနော့်စိတ်ထင်တော့လေ။ သူတို့မှာလည်းရှိတယ် သို့သော် ပြီးခဲ့တာကလည်း သူတို့ တကယ်တော်လို့ လုပ်ငန်းတွေ အောင်မြင်တာလား ဆိုတော့လည်း အဲလိုလည်း မဟုတ်ဘူးဗျ။ အာဏာရနဲ့ ပေါင်းပြီးတော့ လုပ်ကိုင်တဲ့အတွက် အထူးအခွင့်အရေးရလို့။ အဲဒီတော့ ဒီခရိုနီတွေနဲ့ ပတ်သက်တဲ့ အခါမှာလည်း အစိုးရသစ်အနေနဲ့က အင်မတန် ပါးပါးနပ်နပ်နဲ့ သူတို့ဆီကနေ အကျိုးရှိအောင် ကျနော်တို့ စီမံခန့်ခွဲဖို့ လိုမယ်ထင်တယ်။" ဒါကကော ခရိုနီအပိုင်းပေါ့ဆရာ။ ၀င်ငွေကွာဟမှုအပိုင်းနဲ့ ပတ်သက်လို့ရော ဆရာ။ "၀င်ငွေကွာဟမှု အပိုင်းကလည်းပဲ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတယ် ဆိုရင်တော့။ အဲဒီတိုးတက်မှုကလည်းပဲ ခရိုနီတွေ တိုးတက်တာ မဟုတ်ဘဲနဲ့ တိုင်းပြည်မှာ အညီအမျှ တိုးတက်လာတယ်ဆိုရင် တဖြည်းဖြည်းတော့ လျော့သွားမယ်။ လက်ရှိအနေနဲ့လည်းပဲ ဆင်းရဲမွဲတေမှု ပပျောက်အောင်ဆိုပြီး လုပ်ကိုင်နေတာရှိတယ်။ သို့သော်လည်းပဲ ဒါက အသံပဲရှိတဲ့ ထိထိရောက်ရောက် မရှိဘူး။ အဲဒီတော့ ဒါကိုလည်းပဲ ဆင်းရဲ၊ ချမ်းသာမှု၊ ဆင်းရဲမွဲတေမှု လျော့နည်းအောင် လုပ်ရင်းနဲ့ ၀င်ငွေကွာဟမှုလည်းပဲ တဖက်တလမ်းက ဒါကို ကိုင်တွယ်နိုင်တယ်ဆိုရင်၊ ဆင်းရဲမွဲတေမှု လျော့နည်းအောင် လုပ်နိုင်မယ်ဆိုရင် ဒါလည်း လျော့နည်းသွားမယ်။" ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးကို မက်ခရိုစီးပွားရေးကို Democratization Economy (ဒီမိုကရေစီဖော်ဆောင်သည့်စီးပွားရေး) ပုံစံမျိုး သွားဖို့ဆိုပြီး ပြောဆိုတာ ရှိပါတယ်။ အဲံဒီလိုပြောင်းလဲမှပဲ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးဟာ ရေရှည်တိုးတက်လာမယ် ပြောပါတယ်ခင်ဗျ။ အဲဒီအပေါ် ဆရာ့ရဲ့ သုံးသပ်ချက်လေး ပြောပြပါ။ "အဲဒီမှာလည်းပဲ ကျနော်တို့ကျင့်သုံးနေတာက ဈေးကွက်စီးပွားရေးစနစ်ပေါ့။ သို့သော်လည်းပဲ ဈေးကွက်စီးပွားရေးစနစ်မှာ တချိန်တုန်းကတော့  လုပ်ချင်တာလုပ်ဆိုပြီး လွှတ်ပေးတဲ့ ပုံစံမျိုးတော့ မဖြစ်နိုင်တော့ဘူး။ အစိုးရကနေ တဖက်တလမ်းကနေ ၀င်ပြီးတော့ ကြပ်မတ်ဖို့တော့ လိုတယ်။" ဒီဗွီဘီကို အချိန်အများကြီးပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ။ "ကျနော်ကလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့သဘောထားအမြင်ပေါ့လေ ပြည်သူလူထုသိအောင်။"

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024